တကယ်တော့ ဤကြောင်ဝါဝါကလေးကို မွေးမြူရန် အကြောင်းမှာ အိမ်၌ တစ်စထက်တစ်စ သောင်းကျန်းလာသော ကြွက်များကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကြောင်ကလေးတစ်ကောင်ကို ရွာတစ်ရွာရှိ ဆရာတစ်ဦးက လက်ဆောင်ပေးလိုက်၍ ရရှိလာကာ အိမ်တွင်မွေးရန် အကြောင်းဖြစ်လာပါသည်။ ကြောင်ကလေးက မိခင်ကြောင်မကြိးနို့ဖြတ်ထားခါစပင်ရှိသေး၍ ငယ်သေးသဖြင့် ယူလာချိန်တွင် ထမင်းသာမက နို့ဆီကို ဖျော်၍ တိုက်ရာ ကြောင်ကလေးမှာ “ တဂွက်..ဂွက်..တဗြက်ဗြက်” နှင့် လျှာဖြင့် လျက်သောက်နေသည်မှာ အလွန်ကြည့်၍ ကောင်းပါသည်။ အလွန်မှပင် ချစ်ခင်တွယ်တာစရာကောင်းပါသည်။ ကျွန်တော်သွားလေရာသို့ တကောက်ကောင်ဖြင့် လိုက်တတ်သည်။ အစာဆာလျှင်လည်း “တညောင်…ညောင်” ဖြင့် အသံပေးတတ်သည်။ ထမင်းစားလျှင် သူ့အား ဦးစားပေး၍ သားငါးများကျွေးလေ့ရှိသည်။ ကြောင်ကလေးအား “ ဖိုးရှုပ်” ဟုအမည်ပေးရခြင်းမှာ ချစ်စနိုးခေါ်ခြင်းဖြစ်သကဲ့သို့ ကျွန်တော်အား အလွန်အလုပ်ရှုပ်စေသောကြောင့်ဖြစ်သည်။ ကျွန်တော့ စာရေးစားပွဲပေါ်သို့ တက်၍ ဘောပင်များနှင့် ဆော့ပင်များကို ကိုက်ချီက ဆော့တတ်သည်။ တခါတရံအဝေးကို ချီယူဆော့သွားတတ်သဖြင့် ဘောပင်များ ကို ပြန်ရှာ ရသည်ကလည်းအလုပ်တခုဖြစ်သည်။ ရံဖန်ရံခါ ကျွန်တော် စာရေးနေချိန်၌ ကျွန်တော့်ခြေထောက်များကို ပွတ်သပ်၍လည်းကောင်း၊ မနာအောင် ကိုက်၍လည်းကောင်း၊ ပုဆိုးစကို အတင်းဆွဲခါ၍ ဆော့ကစားတတ်သဖြင့်လည်း “ ဟာ…ဒီကောင်…တော်တော်ရှုပ်
တာဘဲ” ဟုပြောရင်း “ ဖိုးရှုပ်” ဟု အမည်တွင်သွားရခြင်းပင်ဖြစ်သည်။ ကျွန်တော့်အပေါ် သခင်လိုသာမက မိခင်၊ ဖခင်ကဲ့သို့ တွယ်တာနေသော ကြောင်ကလေးဖိုးရှုပ်ရောက်လာသည့်အချိန်၌ အိမ်တွင်းသောင်းကျန်းနေကြသော ကြွက်များသည် ပျောက်ခြင်းမလှပျောက်ကုန်ကြ၍ ဖိုးရှုပ်အား ကျေးဇူးတင်ရပါသည်။ ကျွန်တော် အပြင် (သို့) ခရီးထွက်သွားလျှင် ကြောင်ကလေးဖိုးရှုပ်ကား အိမ်ဝသို့ မျှော်ကြည့်ရင်း အိမ်တွင်း၌လှည့်ပတ်ကာ “တညောင်…ညောင်” ဖြင့်အော်ရင်း သခင်ကို ရှာတတ်ကြောင်း၊ ထို့ကြောင့် ကျွန်တော်က ခရီးထွက်တော့မည်ဟုဆိုလျှင် ကြောင်ကလေးဖိုးရှုပ်အား ဂရုစိုက်ရန် ပတည့်များကို မှာကြားရသည်ကလည်း အလုပ်တခုဖြစ်လို့နေပါသည်။
တနေ့တွင်တော့ ကြောင်ကလေးဖိုးရှုပ်နှင့် ကျွန်တော့်အကြား ပြောပြစရာ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့ရပါသည်။ ထိုနေ့က တနင်္ဂနွေနေ့ပေ့ါ။ ဘုရားရှိခိုးကျောင်းက အပြန်၊ အိမ်ရောက်သည်နှင့် အပေါ်ခံတိုက်ပုံအင်္ကျ ီကိုချွတ်ပြီး စိတ်မောလူမောနှင့် အိပ်ရာထက်တွင်
“ ဝူး” ကနဲ့ အသံပြုကာ လဲလျောင်း အနားယူနေခိုက် ရုတ်တရက် ကြောင်ကလေးဖိုးရှုပ်သည် ခုတင်အောက်မှ ခုန်တက်လာကာ ကျွန်တော့်ရင်ဘတ်ပေါ်သို့ တက်လာပါသည်။ ခါတိုင်းလည်း သူဒီလိုတက်နေကျဘဲ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်သည် ယခုတကြိမ်တွင်တော့….သူ့အား အတော်လေးစိတ်ဆိုးမိသည်။ အကြောင်းမှာ ကြောင်ကလေးဖိုးရှုပ်၏ ခြေလက်များတွင် ရွှံ့ဗွက်များပေကျံနေသဖြင့် ကျွန်တော့် ရှုပ်အင်္ကျ ီဖြူ
ဖြူပေါ် ရင်ဘတ်နှင့် ဝမ်းဗိုက် တစ်ဝိုက်တွင်ရွှံ့များဖြင့် ပေကျံကုန်တော့သည်။ သူကတော့ ဘာမှမသိ…သူ့ခြေလက်များတွင် ပေကျံနေသော ရွှံ့ဗွက်များက သခင်၏ ဖြူစင်နေသော အင်္ကျ ီနှင့် တန်သလား၊ မတန်ဘူးလားဆိုသည် ကိုလည်းမတွေးမိပါ။ ခါတိုင်းကဲ့သို့ပင် ဖြစ်ဟန်တူသည်။ ကျွန်တော့်က အင်္ကျ ီဖြူဖြူပေါ် ဖိုးရှုပ်၏ ခြေလက်မှ ရွှံ့ဗွက်တွေ ပေကျံသွားရသဖြင့် နှုတ်မှ……..
“ဟာ..ဒီကောင်….ဖိုးရှုပ်….ကဲ…ကွာ” ဟုဆိုကာ သူ့အားကိုင်ယူပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အဝေးသို့ကိုင်ပေါက်ပစ်လိုက်တော့သည်။ ဖိုးရှုပ်ကား…ကျွန်တော်ကစိတ်ဆိုးဆိုးဖြင့် ပစ်ပေါက်ခံလိုက်ရသော်ငြားလည်း ကြောင်ဖြစ်နေ၍ ကြောင်ကျ…တော့ကျပါသည်။ သို့ရာတွင် သူသည်နားမလည်နိုင်ပါ။ သခင်က ခါတိုင်းကဲ့သို့ ချော့မြူမနေဘဲ ဘာကြောင့် သူ့အားကြမ်းတမ်းရက်စက်စွာ အဝေးသို့ ကိုင်ပေါက်ပစ်လိုက်ရသလဲဟူ၍ နားမလည်ဟန်ဖြင့်ကြည့်ကာ “ ညောင်…ညောင်” ဟုသနားစဖွယ် အသံပြုနေရှာပါသည်။ တစ်ခါမှ သူ့ကို ဒီလိုရက်စက်စွာပြုမူတာ မခံရဘူး၍ ဝမ်းနည်းနေဟန်ရှိသည်။ ကျွန်တော့် အနားသို့ ကပ်မလာရဲတော့ဘဲ အဝေး၌သာ အသံပြုရင်း ရှိနေပါသည်။ သူ့အားကြည့်ရင် ချက်ချင်းပင် ကျွန်တော့်ရင်ထဲ၌ သနားစိတ်သည် ဝင်ရောက်လာပါသည်။ အစက ကျွန်တော့်၏ ဖြူစင်သန့်ရှင်းမှုနှင့် ကြောင်ကလေးဖိုးရှုပ်၏ ညစ်ပတ်နေသောလက် ထိတွေ့ခံလိုက်ရ၍ စိတ်ဆိုးကာ ဒေါသ ရုတ်တရက် ထွက်လာမိသော်လည်း သူ့အား ချစ်ခင်သောစိတ်၊ ရှိနှင့်ပြီးသာ မေတ္တာတွေကြောင့် ပြန်ပြီး စဉ်းစားမိသော် ချစ်စိတ်၊ သနားစိတ်နှင့် နားလည်ပေးသောစိတ်တို့ကသာ အနိုင်ယူသွားခဲ့ပါသည်။
“ သြော်…သူ့ခမျာ သိမှ မသိရှာဘဲကိုး. သူ့ရဲ့ပေကျံနေတဲ့ ခြေလက်တွေဟာ သခင်ရဲ့ ဖြူစင်သန့်ရှင်းတဲ့ အင်္ကျ ီတွေနဲ့မထိုက်တန်ဘူးဆိုတာကိုလေ….” ဟုတွေးရင်း နှင့် ကြောင်ကလေးဖိုးရှုပ်အား သနားချစ်ခင်ခွင့်လွှတ်စိတ်ကသာ လွှမ်းမိုးသွားခဲ့ပါသည်။ ထို့ကြောင့်ပင်
“ မီးမီး…မီးမီး….လာ….လာ…ဖိုးရှုပ်….သားလေး…လာလာ” ဟုပြန်လည်အသံပြုကာ ခေါ်မိပါသည်။ သို့ရာတွင် သခင်၏ ရက်စက်ကြမ်းတမ်းမှုနှင့် အဝေးသို့ ကိုင်ပေါက်နှင်ထုတ်ခြင်းကို ခံလိုက်ရသော ဖိုးရှုပ်ကားအနားသို့..မလာရဲ…မလာနိုင်ဘဲ…အဝေး၌သာ… “ညောင်…ညောင်” ဟုအသံပြုနေရှာပါသည်။ ထို့ကြောင့် ကျွန်တော်ကပင် သူ့အနားကို ချော့မော့ရင်း ချဉ်းကပ်သွားကာ သူ့အား ပွေ့ပိုက်ဆွဲယူ၍ ရင်ခွင်၌ ဆွဲသွင်းထားလိုက်ပါတော့သည်။ သို့ရာတွင်
“ ကဲ….ကဲ…မင်း ဒီပေကျံနေတဲ့ခြေထောက်တွေနဲ့ဆိုရင် ငါ့အင်္ကျ ီသာကမ စောင်၊ အိပ်ယာတွေပါ ထပ်ပြီးပေကုန်ဦးမယ်ဆိုပြီး…….”
ရဇလုံတခုထဲတွင် ရေထည့်၍ သူ၏ ခြေလက်ကလေးများကို ရေတွင် နစ်စေကာ သန့်စင်အောင် ဆေးကြောပြိး အဝတ်ခြောက်ဖြင့် သုတ်ပေးကာ…သန့်ရှင်းခြင်းအမှုကို အရင်ပြုလိုက်ပါသည်။
“ မင်းကို သန့်ရှင်းအောင်လုပ်ပေးပြီးပြီးနော်….ဖိုးရှုပ်….နောက်တခါ ဒီလိုညစ်ပတ်နေအောင် ဗွက်ထဲဆင်းပြီးမဆော့တော့နဲ့….” ဟုလည်းအမှာစကားပြောမိပါသည်။ ဖိုးရှုပ်ကား ကျွန်တော့်စကားနားလည်သည် မလည်သည်ကိုကား မသိပါ။ ဤသည်မှာ သခင့်၏စေတနာမေတ္တာနှင့် အမှာစကားသာဖြစ်ပါသည်။
ကျွန်တော် ထိုအကြောင်းကို ပြန်စဉ်းစားပြီး အသိတရားတရပ်ကိုရခဲ့ပါသည်။ ကျွန်တော်တို့လူသားများနှင့် ဘုရားသခင်အကြား ဆက်သွယ်မှုကရော ထိုအဖြစ်ပျက်အတိုင်းပါပေတည်း။ ဘုရားသခင်သည် သန့်ရှင်းဖြောင့်မတ်ခြင်းအရှင်ဖြစ်၍ အပြစ်တရားရှိသည့် လူသားများနှင့် လားလားမှ ဆက်ဆံ၍ မရပါ။ ထို့ကြောင့်ပင် အပြစ်မကောင်းမှုပြုမိသော အာဒံနှင့်ဧဝဟူသည့် လူသားဇနီးမောင်နှံနှစ်ဦးသည် ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်ခြင်း ခံလိုက်ရပါသည်။ သို့ရာတွင် ဘုရားသခင်သည် မိမိကိုယ်တိုင်ဖန်းဆင်း၍ ဇီဝအသက်မှုတ်သွင်းခြင်းပြုထားသည့် လူသားများကို ချစ်သော မေတ္တာတော်ကြောင့် မိမိနှင့် ပြန်လည် မိတ်ဿဟာယဖွဲ့ ဆက်ဆံနိုင်ရန်၊ မိမိထံပါးသို့ပြန်လည်ရောက်ရှိရန်ဆန္ဒရှိလေသည်။ အပြစ်၊ ညစ်ညမ်းခြင်းကြောင့် အဝေးသို့တွန်းပို့လိုက်သော်လည်း ချစ်မေတ္တာစိတ်ကြောင့် အနီးသို့ ပြန်လည်ဆွဲယူကာ ခေါ်ဆောင်ရန်ကြိုးစားရာ လူသားများ၏ အပြစ်မကောင်းမှုကို ဆေးကြောသန့်စင်ပေးရန် လိုအပ်သဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်တော်မူခဲ့ပါသည်။ ပညတ်တော်များပေး၍လည်းကောင်း ဆောင်ရွက်ခဲ့သော်ငြားလည်းလူသားများသည် သခင်ထံသို့ ပြန်လည်မရောက်ရှိခဲ့ပါ။ သို့အတွက်ကြောင့်…….
မိမိ၏ တစ်ပါးတည်းသော သားတော်ယေရှုခရစ်တော်ကို လူ့လောက၌ လူ့ဇာတိခံစေကာ စေလွှတ်၍ နောက်ဆုံး၌ သူ၏အသွေးတော်ဖြင့် အပြစ်မကောင်းမှုများကိုဆေးကြောကာ ကယ်တင်ခြင်းအတွက် စိတ်ချရသော လမ်းစဉ်တစ်ရပ်ကို အကောင်ထည်ဖော်ဆောင်ခဲ့ပါသည်။ ဘုရားသခင် သန့်ရှင်းခြင်းကြောင့် တွန်းကန်မူအားနှင့် ဘုရာသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဆွဲငင်မူအား နှစ်ရပ်သည် ဆိုင်ပြိုင်ဆုံတွေ့ခဲ့ရပါသည်။ထိုဆုံရပ်ကား ယေရူခရစ်တော် လက်ဝါးကားတိုင်မှာ အသေခံရသည့် ကရာနီတောင်ကုန်းပေါ်၌ ဖြစ်ပါသည်။ ထိုသခင်၏ ကားတိုင်ပေါ်မှ သွန်းလောင်းလိုက်သော အသွေးသည် လက်ခံသူကျွန်တော်တို့၏ အပြစ်မကောင်းမူများကို ဆေးကြောခဲ့ပြီးသူပေးလိုက်သော အသက်သည်လည်း လူသားတစ်ရပ်လုံး အသက်ရှင်မူအတွက် ကြီးမားသော ပေးဆပ်မူဖြစ်ပါသည်။ထို့ကြောင့် ကြောင်ကလေးဖိုးရူပ်နှင့် သူ့အားချစ်ခင်သော သခင်ဖြစ်သည့် ကျွန်တော်တို့အကြား ဖြစ်ပေါ်ခဲ့သည့် ှဇာတ်လမ်းကလေးကား… ဘုရားသခင်နှင့်လူသားများတို့အကြား ထင်ဟပ်ပေါ်လွင်သော မေတ္တာနှင့်တူကြောင်းကို ပြန်လည် ပြောပြရင်း ……….။
ကိုမေတ္တာ(သင်းအုပ်ဆရာ)