မက်ဆိုပိုတေးမီးယားဒေသ။
ခြောက်သွေ့ပူပြင်းတဲ့ ကန်္တာရရပ်ဝန်းကြီး တစ်ခုပေါ့။
အဲဒီအပူပိုင်းဇုန်တနံတလျားမှာ.. ဣသရေလ လူမျိုးတော်ကြီးတွေ သွားလာလှုပ်ရှားရုန်းကန်ရင်း ဘဝကို တည်ဆောက်နေကြတာပါ။
ပူပြင်းခြောက်သွေ့တဲ့ရပ်ဝှမ်းဒေသမှာနေတဲ့ ဣသရေလတွေရဲ့ အတမ်းတဆုံးအမြတ်နိုးဆုံးဆိုတာဘာ လဲသိလား…။ နှင်းပေါ့…နှင်း။ အေးမြတဲ့နှင်း…၊ နှလုံးသားထဲထိတိုင်နက်ရှိုင်းစွာ အေးမြစေတဲ့နှင်း….။
ဒါကြောင့် အဘဘုရားသခင်က နှင်းကိုတမ်းတ တဲ့ဣသရေလတွေအတွက်…
ငါသည် နှင်းကဲ့သို့ ဣသရေလပေါ်မှာ တည်နေ မည်။ သူသည် နှင်းပွင့်ကဲ့သို့ပွင့်လိမ့်မည်။
။ ၁ ။
နှင်း…..၊
လောကကိုအေးမြစေသောနှင်း….
သောကကို ချမ်းမြစေသောနှင်း…
နှင်းကိုလူသားတိုင်းချစ်ပါသည်။ ချစ်သူတိုင်း နှင်းကို ခံစားပါသည်။ လူ့သမိုင်းမှာ ““နှင်း””ကို မော်ကွန်း ထိုးကမ္ဗည်းမှတ်တမ်းတင်လျက်ရှိပါ၏။
ထိုနှင်းကဲ့သို့ အေးမြ၍တမ်းတဖွယ်… အကြင်နာရိပ် နှင်းတစ်ပွင့်နှင့်ဆုံဆည်းမိသော ကျွန်တော် ၏ ဘဝကန္တာရလေးအတွင်း၌…….
။ ၂ ။
ကျွန်တော် ““အောင်””သည် ဓမ္မတက္ကသိုလ်တက် နေသည်မှာ ကန္တာရတစ်ခုထဲလျှောက်နေရသလို ကြမ်းတမ်းပူလောင်လွန်းလှသည်။ အဖေ ဘုန်းတော်ဝင် စားသွားပြီဆိုတော့ အဆောင်စရိတ်၊ ကျောင်းစရိတ်၊ စားစရိတ်တွေအောက်မှာ ရုန်းမထွက်နိုင်။ မကြာမီ အမေပါ ခရစ်တော်၌အိပ်ပျော်သွားခဲ့ပြီ။ ဘုရားရှင်မှတစ်ပါးလွဲ၍ ကျွန်တော်အထီးကျန်ဆန်ခဲ့သည်။ ကျောင်းမှထွက်လိုက် ရမလားဟု မကြာခဏစဉ်းစားခဲ့ရသည်အထိ။ သို့သော် အဘဘုရားသခင်၏ပေးသနားတော်မူသောသီချင်းရေးသား ခြင်း ဆုကျေးဇူးလေးနှင့် ရံဖန်ရံခါသီချင်းလေးတွေ ရောင်း ရခြင်းဖြင့် ကျောင်းကို ဆက်တက်ဖြစ်သည်။ သို့သော် ကြီးမြင့်လာသောစရိတ်များအောက်တွင် ပြိုလုလုအချိန်၌ ဘုရားရှင်၏အကြင်နာရိပ်ကို ခံစားခဲ့ရသည်။ တစ်နေ့ အစ်ကိုကြီးလို ခင်မင်သောစောဟင်နရီမှ
““အောင်… မင်းသီချင်းလေးတွေကို ခံစားတတ်တဲ့ အမည်မသိအလှူရှင်တစ်ဦးက အလှူငွေ ပါးလိုက်တယ်””
ကျွန်တော်တစ်ယောက်..
ကန်္တာရထဲမှာ အမောတကောပြေးရင်းမှ နှင်းမိုး တွေ တစ်ဖွေးဖွေးရွာချလိုက်သလို ခံစားရပြီး…
““ဘယ်သူလဲဟင်..အစ်ကိုကြီး””
““ဟ….မင်းက..ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကြီးနဲ့လားလို့ မေးနေပြန်ပြီ…. အမည်မသိ အလှူရှင်တစ်ဦးပါဆိုမှကွာ””
စာအိတ်ထူထူကြီးကို ဖွင့်လိုက်တော့.. သင်းမြသောရှယ်နယ်လ်နံပါတ်ဖိုက် ရေမွှေးနံ့သင်းသင်း မွှေးနေသော စာရွက်ဖြူလေး ““ သီချင်းလေးတွေ ရေးရင်း ကျမ်းစာကျောင်းတက်နေသော အောင်အတွက်””ပြီးတော့ ငွေတစ်ထပ်။ အမည်မသိအလှူရှင်အား ဘုရားသခင် ကောင်းချီးပေးပါစေ..။ သူ့အပေါ်၌လည်း ဘုရားသခင် ၏နှင်းပွင့်တို့သက်ရောက်အေးမြစေသောဝ်…။
။ ၃ ။
ထိုသို့ဖြင့် မကြာခဏပင် ကျွန်တော့်ဘဝကန်္တရ ထဲနှင်းပွင့်လေးတွေ ကြွေကျလာတတ်ပြန်သည်။
““မေတ်္တာဖြင့်ပွင့်သောနှင်း..”” သီချင်းကို စပ်နေ စဉ် ““ဟေ့ကောင်.. အောင်””
ပုခုံးတွင် လွယ်အိတ်ကို စလွယ်သိုင်းလွယ်လျက် အစ်ကို ဟင်နရီ၊ အခန်းထဲကို ဝင်လာသည်။ သူ့ လွယ်အိတ်ထဲမှာ စာအိတ်ကြီးတစ်အိတ်.. ရှယ်နယ်လ် နံပါတ်ဖိုက်ရနံ့သင်းသင်း.. ကျွန်တော်သိလိုက်ပါသည်။ ပြီးတော့ စာတစ်စောင်…
စာတစ်စောင်၊ လှပသေသပ်သောလက်ရေး…
““အောင်…””
သီချင်းလေးတွေကောင်းပါတယ်..။ အင်္ကျီတွေ နဲ့ ပုဆိုးတွေက ဟောင်းလွန်းသလိုပဲ.. အလှူငွေ ပိုထည့်ပေးလိုက်တယ်လေ.. အင်္ကျီနဲ့ပုဆိုးလေးတွေဝယ် ဝတ်ပါဦး…. နောက်ဆုံးနှစ်ဆိုတော့.. စာကိုပိုကြိုးစားပါဦး..။
ကန်္တာရထဲမှ နှင်းပွင့်စာသားများ..။ ရင်ထဲမှာ ဂရုတစိုက်ရှိသော အမည်မသိအလှူရှင်ကို လေးစားသွား ၏။ ကျွန်တော့်အဝတ်အစားဟောင်းနေတာ.. သူ ဘယ်ကဲ့သို့သိပါလိမ့်… ကျွန်တော့်စာကို အစ်ကို ဟင်နရီကလည်း ဖတ်ကြည့်ရင်း….
““ဟင်း. အလှူရှင်ကရေးမယ်ဆိုလည်း ရေးထိုက် ပါတယ်…။ အင်း….မင်းသီချင်းတွေက ကောင်းသလို မင်းအဝတ်တွေကဟောင်စော်နံနေတာပဲ..””
အစ်ကိုက နှာခေါင်းရှုံ့ရင်း ထောက်ခံနေပြန် သည်။ ““ဟာ…..အစ်ကိုကလည်း… နှစ်ခြင်းယောဟန် ကြီးတောင်မှ ကုလားအုပ် အမွှေး နဲ့ရက်တဲ့အဝတ်ကို ဝတ်ထားတာပဲ.. ကျွန်တော် လည်း….””
အစ်ကိုကလက်သီးဆုပ်ပြရင်း…
““ဟ…အောင်ရ… ဟိုက.. ဗတ္တိဇံဆရာယောဟန် ကွ… မင်းက ဘာကောင်မို့လို့လည်း.. မင်းက လူတွင် ဗတ်္တိဇံရမှာမဟုတ်ဘူး.. မင်းရဲ့ဟောင်းတဲ့အဝတ်တွေပါ ဗတ်္တိဇံရမှာဟ…””
ဟိုက်….သွား..ကရော ဆရာတော်စောဟင်နရီ နဲ့တွေ့မှ ကျွန်တော့်အဝတ်အစားတွေကိုပါ ဗတ္တိဇံပေး ရဦးမယ် ဆိုပါလား….
။ ၄ ။
အသဲရောင်စာအိတ်၊ ရှယ် နယ်နံပါတ်ဖိုက်ရေမွှေး ရနံ့။ ဖြူစင် သောမစမှုကျောင်းစရိတ်ငွေ.. တစ် လတစ်ခါ ပုံမှန်ရောက်လာတတ်သည်။ အစ်ကိုကြီး စောဟင်နရီထံမှ တစ်ဆင့်….။ အလှူရှင်ဘယ်သူ မှန်းမသိရ။ တစ်ခုတော့သိရသည်။ အလှူရှင်သည် ကျွန် တော်၏သီချင်းများကို နှစ်သက်နေသူတစ်ဦး ဆိုတာ လောက်တော့ အစ်ကိုကြီးထံမှ တစ်စွန်းတစ်စ သိခွင့် ရခဲ့သည်။
နောက်ဆုံးနှစ်မို့ စာကို တော်တော်ကြိုးစား နေရသည်။ အားသည့်အချိန်အနည်းငယ်လေးတွေမှာ ဓမ်္မသီချင်းစီးရီးခွေတော်တော်များမှာ ကျွန်တော့်သီချင်း လေးတွေ ပါဝင်နေရာယူဖြစ်ကြသည်။
တစ်နေ့.. နောက်ဆုံးနှစ်မို့သီချင်းရေးတာ ခဏ ရပ်နားပြီး စာကိုကြိုးစားစေချင်ပါတယ်… စေတနာပါ.. ဆိုလျက်.. အသဲရောင်စာအိတ်လေးထဲမှ အကြံပြုစာလေး တစ်စောင်… လက်မှတ်ရေးထိုးမထား… ဤကဲ့သို့ စေတနာလေးသည်ပင်.. ကျွန်တော့်ဘဝအတွက်… အိုအေစစ်ရပ်ဝှမ်းတစ်ခုဖြစ်ခဲ့ရသည်။
။ ၅ ။
ကျောင်းဆင်းသွားပြီ။ရန်ကုန်မြို့တော်နှင့် မိုင်၂၀၀နီးပါး ဝေးသော ကျေးလက်ဘုရား ကျောင်းအ ိုကလေးသို့ ကျွန်တော်ရောက် သွားခဲ့ ရပြီ။ ကျေးလက်ဆိုတော့မြို့နှင့် အဆက် အသွယ် ပြတ်သွားသည်။ ထန်းတော ညို့ညို့တွေ၊ ချောင်းကောက် လေးတစ် စင်းရစ်ခွေစီးဆင်းလျက် စိမ်းညို့သော လယ်ကွင်းများ၊ သဘောမနောဖြူရှာသူ ရွာသူရွာသားများကြားမှာ အသက် တာကို အခြေချရသည်။ အစ်ကိုကြီး စောဟင်နရီ စကားအရဆိုလျှင် ကျေး လက်တွင်ဘဝတစ်ခုလုံးဗတ်္တိဇံ ခံလိုက် ရပြန်ပြီပေါ့။ ကျောင်းစရိတ်ပံ့ပိုးခဲ့ သူ ကိုတော့မေ့မရပါ။ မြို့နဲ့လုံးဝအ ဆက် အသွယ်ပြတ်တောက်သွားသည်။ အမှု တော်မြတ်ကိုထမ်းဆောင်ရင်း ဓမ္မ္မး စီးရီးခွေအတွက် စိတ်ရှည်လက်ရှည် ရေးဖြစ်သည်။ ဓမ်္မတေးခွေ ထုတ်လို့ ““ပေါက်””သွားရင် ဘုရားကျောင်းအိုလေးကို ပြန်ဆောက်ရန် ဘုရားထံ အသနားခံခဲ့သည်။ အခွေထုတ်ဖို့ ဆုတောင်း ချက်များတင်ဖြစ်သည်။ အစ်ကိုကြီး ဟင်နရီ ရွာကို လာ တရားဟောတော့ ဆုတောင်းချက်ကို သယ်ယူ သွားသည်။ မကြာမီ အစ်ကိုကြီးစောဟင်နရီထံမှ စာပြန် လာသည်။
အောင်…
ဓမ္မတေးစီးရီးအတွက် လကုန်ရင် ရန်ကုန်တက် ခဲ့ပါ။ ဘုရားသခင်အဖြေပေးပါပြီ။ အသင်းတော်ဆောက် ဖို့အတွက် ဘုရားလမ်းဖွင့်လိုက်ပြီ။ ညီလေးလာရင် သွား တွေ့ရမယ့်.. လိပ်စာအစ်ကိုကြီးပေးလိုက်မယ်..
ဘုရားကောင်းချီးပေးပါစေ..
မိန်းမမရသေးလို့ သိက်္ခာမရသေးတဲ့စောဟင်နရီ။
အစ်ကိုကြီးစောဟင်နရီပေးလိုက်တဲ့လိပ်စာ အတိုင်း ကျေးဇူးတော်ရိပ်သာအိမ်ကြီးသို့ ရောက်လာခဲ့ သည်။ ကျယ်ဝန်းသောခြံကြီး၊ တမာရိပ်၊ ခရေရိပ်တို့ဖြင့် လှပဆေးချယ်ထား၏။ ရောင်စုံနှင်းဆီပွင့်တစ်ချို့က အစီအရီ။ ပြတင်းပေါက်တွေကို စိမ်းနုရောင်ခန်းဆီးလိုက် ကာများနှင့်အနားကွပ်ထားသည်။
ခေါင်းလေးကို မဝံ့မရဲနှိပ်လိုက်သည်။ မိန်းကလေးတစ်ဦးထွက်လာ၏။
““ဘယ်သူပါလဲရှင်””
““ဆရာအောင်..ပါ””
““ဟုတ်ကဲ့… ဝင်ခဲ့ပါ..””
ကြီးမားသောဂိတ်ကြီးဘေးမှ လူဝင်တံခါးလေး ပွင့်လာ၏။ ခြံအတွင်းမှာ ပန်းရနံ့တို့သင်းပျံ့နေသည်။ မလှမ်းမကမ်းတွင်မှာတော့ အပြာနုရောင်ွှသတည ဗခန ကားလေး။ ကြီးမားသေသပ်သော ဧည့်ခန်းကြီးတစ်ခု အတွင်းရောက်သွား၏။ မိန်းကလေးက ထိုနေရာတွင် ထိုင်ရန်ညွှန်ပြ၏။ အိစက်သောဆိုဖာကြီးတွင်ထိုင်လိုက် ၏။ ကျွန်တော်တစ်ကိုယ်လုံးမြုပ်ဝင်သွားသလို ခံစားရ၏။ လေအေးစက်မှ အေးမြသောအထိအတွေ့ ဧည့်ခန်းမကြီး တစ်ခုလုံးငြိမ်သက်နေသည်။ ငြိမ်းချမ်းလိုက်တာ။ နောက်ဖက်မှ ခြေသံတစ်ဖွဖွနင်းလာသံ။ လှုပ်ရှားမှုက ငြိမ်သက်လွန်းလှစွာ၊ ရှယ်နယ်လ်နံပါတ်ဖိုက်ရေမွှေးနံ့က သင်းပျံ့လာသလိုလို၊ ခြေသံရှင်ကို မော့ကြည့်ဖို့ရာ ဝန်လေးနေ၏။
““အောင်…””
တိုးလျညင်သာချိုမြသောအသံ။ မော့ကြည့် လိုက်ပါ၏။ ဖြူစင်ရိုးသားရွှန်းလဲ့မျက်ဝန်းတစ်စုံ။ နှင်းပွင့် များကဲ့သို့ အေးမြငြိမ်းချမ်းသောအပြုံးတစ်ပွင်။ ကန်္တာရ ထဲ ပြေးလွှားနေရင်းမှကျွန်တော့်ရင်ထဲ ချစ်သောနှင်းများ ရစ်ဝေလာပြီ။ ကမ်္ဘာပေါ်တွင် အလှအပဆုံးအမျိုးသမီး တစ်ဦးဟု ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် သူမကို ကမ်္ဘာ့အလှမယ်ဘွဲ့ပေးလိုက်ပါ၏။ အမေသေ၍ အလွမ်းမပြေသော ဣဇက်တစ်ယောက် ရေဗက်္ကနှင့်ဆုံ ဆည်းရသောအခါ ရင်ထဲမှဝေဒနာများ သက်သာခြင်း ရောက်သကဲ့သို့ ကျွန်တော့်ရင်တွင်းမှာလည်း
အကြင်နာမျက်နှာရိပ်နှင့်ကျွန်တော် လက်ဆွဲ နှုတ်ဆက်ကြ၏။ ဣသရေလတို့အပေါ်မှာ ပွင့်စေသော နှင်းပွင့်တို့သည်လည်း သူမနှင့်ကျွန်တော်အကြားတွင် ခရစ်တော်အားဖြင့် ပွင့်စေခဲ့ပါပြီ။
ဤသို့ဖြင့် ဖြူစင်လှပရိုးသားစွာ နှင်းပွင့်တို့၏ သမိုင်းအစကို ပြုစုလိုက်မိသည့်အချိန်တွင်မတော့..။
““အောင်ရဲ့သီချင်းလေးတွေကို.. မမနှင်း သိပ်ကြိုက်ပါတယ်…””
ရင်းနှီးစွာဖြင့် စကားဆိုလေသည်။ မမနှင်းတဲ့.. သူမ၏နာမည်။
““ဟုတ်..ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်.. မမနှင်း…””
““ မမနှင်း…စောင့်နေတာ””
““ ဟုတ်ကဲ့….””
““ ဓမ်္မတေးခွေထုတ်မလို့..ဆို..””
“ “ဟုတ်ကဲ့…””
““ အောင်ရေးတာဆိုတော့… ကောင်းမှာပေါ့..””
““ ဟုတ်ကဲ့…””
““ အဟင်း… ဟုတ်ကဲ့အပြင်ပြောစရာမရှိဘူး ထင်ပ..””
““ ဟုတ်ကဲ့..အဲ..မဟုတ်ပါဘူး… ပြော…ပြော စရာလေးတွေရှိပါတယ်…””
““ မမနှင်းက အောင်ရဲ့ပရိသတ်လေ.. ရင်းရင်းနှီး နှီးပြောပါ…အခွေအတွက် အလှူငွေမမနှင်းတို့လှူဖို့ ဆုံးဖြတ်ထားပြီးသားပါ…””
စားပွဲအောက်မှ အိတ်တစ်လုံးကို ယူလိုက်သည်။ ချက်လက်မှတ်တစ်စောင်၊ စာအိတ်ကြီးတစ်လုံး၊ စာအိတ် ပေါ်တွင် အသဲပုံအမှတ်အသား.. ရှယ်နယ်လ်နံပါတ် ဖိုက်ရေမွှေး နံ့တစ်သင်းသင်း..
““ ရော့..အောင်..””
““ မမနှင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ””
““ အာမင်… မမနှင်းလည်း သီချင်းတွေဆိုနေရ ရင် အရမ်းပျော်တာ… တစ်ချို့က မမနှင်းက အသံကောင်း တယ်တဲ့… ကြော်ငြာဝင်တာမဟုတ်ဘူးနော်.. ဓမ်္မတေး တစ်ခွေထုတ်ဖူးတယ်လေ..””
““အခုလည်း… ဒီစီရီးမှာ မမနှင်းဆိုပါလား..””
ရုတ်တရက် မမနှင်းရင်ဘတ်ကိုဖိလိုက်သည်။ မျက်နှာတစ်ချက်ညှိုးသွားရင်းမှ
““ ကျန်းမာရေး သိပ်မကောင်းဘူးလေ…””
နောက်တော့ မမနှင်းကလေးတစ်ယောက်လို အားရပါးရရယ်မောရင်းမှ
““ အောင်ရဲ့သီချင်းတွေကို မမနှင်းတအားကြိုက် တာ.. မမနှင်းတင်မကပါဘူး.. မမနှင်းရဲ့ညီမလေးသင်းမြ နှင်းကလည်း ကြိုက်တာပဲ… မမကတော့ အေးမြနှင်းတဲ့ အပြည့်အစုံပေါ့။ သင်းမြနှင်းကတော့ အမေရိကားမှာလေ.. သူကဟိုမှာ ချစ်သူတွေ့ထားတယ်လေ.. ညီအစ်မနှစ် ယောက်တည်းရှိတာ.. မမနှင်းက ကျန်းမာရေးမကောင်း တော့.. ညီမလေးနှင်းပြန်လာဖို့ကြိုးစားနေတယ်.. အဲဒီ စီးရီးနဲ့အလှူငွေတွေက မမနှင်းတို့ ညီအစ်မနှစ်ယောက် ပေါင်းလှူတာလေ..””
““ မမနှင်း….တစ်ခုပြောခွင့်ပြုပါ၊ စိတ်မဆိုးပါနဲ့ နော်…””
မမနှင်း.. မျက်လုံးပြူးသွားပြီး
““ ပြောပါ…””
““ ကျွန်တော်ကျောင်းတက်စဉ်က အလှူငွေတွေ ပို့ပေးတာက မမနှင်းတို့ညီအစ်မနှစ်ဦးပါနော်..””
မမနှင်းက တဟင်းဟင်းရယ်မောရင်းမှ ““ဘာ သက်သေရှိလို့ စွပ်စွဲနေတာလဲ….”” ဟု ပြောလာ၏။
““ အသဲပုံစာအိတ်… ရှယ်နယ်လ်နံပါတ်ဖိုက် ရေမွှေးနံ့..””
““ သိဘူးလေ… ဘုရားကို မေးကြည့်ပေါ့…””
““ အဘကပြောတယ်.. နှင်းပွင့်နှစ်ပွင့်ဆီကတဲ့..””
တဟင်းဟင်းရယ်မောနေသည်။ မမနှင်း၏ ရောဂါကို စပ်စုချင်သော်လည်း ရိုင်းသွားမလားထင်၍ မမေးဖြစ်တော့.. နောက်တော့ ကျမ်းစာအကြောင်း၊ ဓမ်္မတေးအကြောင်း ကျွန်တော်၏တောရွာလေးရှိအသင်း တော်အကြောင်း၊ သင်းမြနှင်းအကြောင်း၊ ဧဝံဂေလိအ ကြောင်းများစွာပြောဖြစ်ကြသည်။ ထမင်းစားကြသည်။ မမနှင်းနှင့်များစွာရင်းနှီးသွားသည်။
အပြန်၌ လရိပ်တို့ခြွေချနေသည်။ ရွှေရောင်လ ရိပ်အောက်မှာ ချစ်သောနှင်းတို့ မကြွေသေးပါလား..။
။ ၆ ။
(မေတ်္တာနှင့်ပွင့်သောနှင်း.. ဟောရှေ ၁၄း၅)
ဓမ်္မတေးကို ထုတ်လုပ်နေစဉ် တောနှင့်ရန်ကုန် ခဏခဏစုန်ချီဆန်ချီ။ မမနှင်း၏ ဖိတ်ကြားမှုအရ ရန်ကုန် ရောက်တိုင်း မမနှင်းအိမ်သို့ဝင်ရသည်။ သင်းမြနှင်းထံမှ ““အောင်””သို့ ဟူ၍ အလှူငွေများလည်း ရှယ်နယ်လ်ဖိုက်တစ်သင်းသင်းနဲ့ရောက်လာတတ်ပါသည်။ စာအားဖြင့် သင်းမြနှင်းနဲ့ပါရင်းနှီးခဲ့ရသည်။
မမနှင်းကျန်းမာရေးအတွက် သင်းမြနှင်းခေါ် နှင်း တစ်ယောက်မြန်မာပြည်ပြန်လာဖို့လုပ်နေသည် ဆိုသော သတင်းကိုလည်း ကြားရပြန်သည်။
။ ၇ ။
““ မေတ်္တာဖြင့်ပွင့်သောနှင်း”” ဓမ်္မတေးစီးရီးခွေ ပေါ်ထွက်လာခဲ့ပြီ။ ဘုရားရှင်၏မစမှုကြောင့် အခွေ ““ပေါက်””ခဲ့သည်။ ““အောင်”” ဟူသော သီချင်းရေးဆရာ လေး၏အမည်လည်း လူသိများလာခဲ့၏။
အခွေကို နားထောင်ရင်းမှ မမနှင်းက
““ ကွန်ကရက်ကျူလေးရှင်း အောင်..””
ဟု ကျွန်တော့်လက်ကို မလွှတ်တမ်းဆုပ်ကိုင် လျက် မျက်ရည်ဝဲ၀ဲဖြင့် ဂုဏ်ပြုသည်။ ငြိမ်းချမ်းသော နှင်းပွင့်ပါလား..။
““ ငါ့မောင်ကို … ဘုရားကောင်းချီးပေးပါစေ””
““ အာမင် ပါမမနှင်း… မမနှင်းကိုလည်း ဘုရားသခင်ကောင်းချီးပေးပါစေ…””
ဘုရားကျောင်းဆောက်ဖို့ပြင်ရပြီ။ စီးရီးခွေ အတွက်လည်း သင်းမြနှင်းထံမှ ဝမ်းမြောက်ကြောင်းစာ ရောက်လာသည်။
အပျော်ကြီးပျော်နေချိန်မှာ မမနှင်းတစ်ယောက် ကျန်းမာရေးနည်းနည်းချို့တဲ့လာသည်။ ဆုတောင်းခြင်း ဖြင့်သာ…။ သူမလျှို့ဝှက်ထားသောရောဂါပျောက်ဖို့ ဆုတောင်းပေးရ၏။ ““ မမနှင်း၏ဘဝသည် နှင်းပွင့်ကဲ့သို့ အေးမြပါစေသောဝ်..””
။ ၈ ။
အသင်းတော်တည်ဆောက်ပြီးသွားပြီ။ ရွာသား အများဝမ်းသာကြသည်။ အနုမောဒနာလုပ်ဖို့ စီစဉ်ကြ သည်။ အစ်ကိုကြီးစောဟင်နရီလည်း သိက်္ခာတော်ရယူ သွားပြီ။ အစ်ကိုကြီးကိုလည်း ဖိတ်၏။ မမနှင်းကိုပါဖိတ် ၏။ ဘုရားကျောင်းဆောက်နေသောကြောင့် မမနှင်းနှင့် မတွေ့ရသည်မှာ ကြာလှပြီ။ မမနှင်းကိုလွမ်းပါ၏။
စာပြန်လာသည်။ မမနှင်းကျန်းမာရေးတော် တော်ချို့တဲ့နေသောကြောင့် လာနိုင်မည်မထင်တဲ့…
ရင်ထဲမှာ ဟာသွားသည်။
ဟိုးဝေးဝေးဆီမှာတော့.. လောကကြီးကို နှင်းမှုန် စက်တို့က သဘာဝစုတ်ချက်ဖြင့် ဆေးချယ်နေသည်။ ရွာ မှ အသင်းတော်ကလည်း မမနှင်းကို လာစေချင် ပါသည်။ အစ်ကိုကြီးစောဟင်နရီရောက်လာသည်။ မမနှင်းထံမှ စာယူလာသည်။
အသဲပုံစာအိတ်လေး
တုန်ရီစွာဖြင့်ဖွင့်လိုက်သည်။
လှပဝိုင်းစက်သောလက်ရေးလေးများ
အောင်..
ဘုရားရှင်ကောင်းချီးပေးပါစေ။ အရမ်းသတိရနေတယ်။ လာချင်ပါတယ်။ ကျန်းမာရေး အခြေအနေအရပါ။ ဆရာဝန်က သွားခွင့်မပေးဘူးလေ.. အောင်.. နောက်ထပ်စီးရီးထပ်ရေးဦးနော်… မမနှင်းငွေ စုထားတယ်။ အောင်..လည်း မမနှင်းကို သတိရနေတယ် ဆိုတော့ မမနှင်းအရမ်းပျော်တာပဲ။ သတိရတိုင်း အောင့် သီချင်းလေးတွေ ဖွင့်နားထောင်ပါတယ်။ အောင့်စာထဲက ဘုရားကျောင်းလေးကိုလည်း စိတ်ကူးနဲ့မှန်းပြီး လွမ်းလိုက် ပါရဲ့..ဘာတဲ့… အောင်ရေးထားတာက
နှင်းမှုန်အောက်မှာ ဘုရားကျောင်းလေးရဲ့တည် ဆောက်မှုက အရမ်းလှတာပဲ။ ဘယ်လောက်လှသလဲဆို ရင်တော့.. ဘယ်ပန်းချီရေးလို့မမှီဘူး.. မမနှင်းတဲ့။ ဟုတ်လား… မမနှင်းစိတ်ကူးထဲမှာလည်း.. ဘယ်ပန်းချီ ရေးလို့မမှီတဲ့.. ဘုရားကျောင်းလေးရဲ့မြင်ကွင်းထဲမှာ အောင့်ရဲ့ပုံလွှာကိုပါ စိတ်ကူးပန်းချီထပ်ရေးခြယ်ထားပြန် တယ်။ဘဝဆိုတာ တိုတိုလေးပဲအောင်… ဒေသနာကျမ်းထဲမှာ ငိုရသော အချိန်နှင့် ရယ် ရသောအချိန်လည်းရှိ၏တဲ့..ဒါဆို ရယ်ရသော အချိန်နှင့်ငိုရသောအချိန်လည်း ရှိမှာပါ.. ပြီးတော့ တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏တဲ့။ ဒါဆို.. ဒါဆိုစကားမပြောဘဲနှင့် တိတ်ဆိတ် စွာနဲ့ ပြောချင်တဲ့ စကားတွေကို မြိုသိပ်လိုက်ရမယ့် အချိန်တွေလည်း ရှိမှာ ပါအောင်.. စစ်တိုက် ရသောအချိန်နှင့်စစ်ငြိမ်းရသောအချိန် လည်း
ရှိ၏တဲ့.. ဒါဆို နှလုံးသားစစ်ပွဲတွေရှိသလို အချစ်နဲ့ ငြိမ်းချမ်းမ ှုတွေလည်းရှိမှာပါ.. မမရဲ့စိတ် ကူးပုံရိပ်လွှာတွေ ပါ.. မှားချင်လည်းမှားမှာပေါ့..။
အင်္ဂလိပ်ဝထ်္ထုလေးတစ်ပုဒ်ဖတ်ရတယ်.. ူသလန တဲ့… ဒီဇာတ်လမ်းမစခင်မှာပဲ.. ဇာတ်လိုက်ကောင်လေးဆုံး သွားတယ်.. မမနှင်းအရမ်းခံစားရတယ်.. မမနှင်းလည်း စိတ်ကူးဝထ်္ထုတစ်ပုဒ်ရေးနေတယ်.. ဇာတ်လမ်းမစခင်မှာ ဇာတ်လိုက်ကောင်မလေးသေသွားတယ်.. ဒါဆိုဇာတ် လိုက်ကောင်လေးခံစားရမှာပဲနော်..ဒါပေမယ့်.. သူတို့က ဘုရားသားသမီးတွေဆိုတော့ ကောင်းကင်ဘုံမှာ ပြန်ဆုံ ကြမှာပါနော်…
မမနှင်းစာရေးနေတဲ့ပြတင်းပေါက်ကကြည့်ရင် နှင်းတွေတစ်အားကြီးဝေနေတယ်….
အို…ယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ်ရာသခင်ကိုတွေ့လျှင် သူ့ကိုငါချစ်၍နာနေကြောင်း ကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။ ရှောလမုန် ၅း၈
ယေရှုနာမတော်မြတ်၌
မမနှင်း
နှင်းမှုန်နှင်းစက်တို့၏အောက်တွင် ဘယ်ပန်းချီ ရေး၍မမီသော ဘုရားကျောင်း…ပြီးတော့…ရင်ထဲမှာ လွမ်း ဆွတ်နာကျင်နေသည်။ အကြင်နာရိပ်မမနှင်းကို တစ်အား သတိရနေသည်။ မပြောဘဲနဲ့တိတ်ဆိတ်စွာနဲ့ပြောချင်တဲ့ စကားတွေကို မြိုသိပ်လိုက်ရမဲ့ အချိန်တွေလည်း ရှိမှာပါ တဲ့….ကျွန်တော်နှင်းမှုန်ထဲမှာ ဒူးထောက်ချလိုက်ပါ၏။ ဘုရားသခင်ထံ မမနှင်းကျန်းမာရေးအတွက် ဒူးထောက် ဆုတောင်းမိပါ၏။ နှင်းစက်တို့ခေါင်းပေါ်မှ ကျလာ သည်။ ကျွန်တော့်မျက်ဝန်းဝယ် မျက်ရည်စက်တွေလား.. နှင်းမှုန်တွေလား.. ရှောလမုန်သီချင်းသည် နှလုံးသား ဝိညာဉ်ထဲမှာ စီးဆင်းလာသည်။
မိုးမသောက်…မှောင်မိုက်အရိပ်မပြေးမှီ ငါသည် မုရန်တောင်နှင့်လေပြန်ကုန်းသို့သွားမည်၊ ငါချစ်သောနှမ သင်သည် အပြစ်တစ်စုံတစ်ရာမျှမရှိ၊ တစ်ကိုယ်လုံးလှ ပေ၏။ ရှောလမုန်သီချင်း ၄း၇
။ ၉ ။
ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူသော တနင်္ဂနွေနေ့။
ထိုနေ့ အသင်းတော်မှ အနုမောဒနာကျင်းပ ဆက်ကပ်ပွဲ။ ရွာနီးချုပ်စပ်မှာ အသင်းတော်များစွာက လာကြသည်။
ဓမ်္မဒေသနာကတော့ သိက်္ခာတော်ရဆရာတော် စောဟင်နရီပါ။ နံနက်စောစော နှင်းမှုန်တို့အရိပ်ဝယ် ကျွန်တော်တို့ချစ်သောဘယ်ပန်းချီရေး၍မမှီခဲ့သော ဘုရားကျောင်းတစ်ကျောင်း၊ ခန့်ညားတည်ငြိမ်လှ၏။ ဘုရားကျောင်းအတွက် ရင်ထဲမှာဝမ်းသာနေသည်။ ဟာတာတာလည်းဖြစ်နေသည်။ ဟာတာတာကတော့ မလာနိုင်တော့ဘူးလို့သိထားပေမယ့် မမနှင်းရောက်လာ လေမလားရယ်လို့ ရင်ခုန်စောင့်ဆိုင်းမိနေသလိုလို..။
တကယ်တော့မမနှင်း မလာနိုင်တော့ပါ။ အိပ်ယာထက်မှာ ရောဂါ၏ဖိစီးမှုတွေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လှည့်စားမိနေသလိုလို။ လွမ်းလိုက်တာ.. မမနှင်း..၊ ဇာတ်လမ်းမစသေးပါဘူး…ဇာတ်လိုက်ကောင် မလေးရယ်မသေပါနဲ့ဦးနော်…။ ရင်ထဲမှ တီးတိုးစကား။ မြောက်ပြန်လေတွင် နှင်းမှုန်တို့ သဲသဲလှုပ်လာသည်။ ကြွေပေါ့…နှင်းရယ်..။ နှင်းပန်းချီကြားမှာ ွှသတညခေန ကားတစ်စီးအရှိန်နှင့်ထိုးဆိုက်လိုက်သည်။ အပြာနုရောင် ကား။ မှတ်မိလိုက်သည်။ မမနှင်းရဲ့ကား၊ မမနှင်း… မမနှင်း…
အနီးတွင်ထိုးဆိုက်လာသောကားတံခါးပွင့် လာသည်။ ငြိမ်သက်စွာဖြင့် တည်ငြိမ်စွာဖြင့် လှပစွာဖြင့် ကမ်္ဘာ့အလှမယ်..မမနှင်း… ကားပေါ်ကဆင်း၍ ကျွန်တော့် ရှေ့ရောက်လာပြီ။ မျက်ရည်တွေနဲ့ မမနှင်းပြုံးပြသည်။ သူမ၏မျက်ဝန်းမှအေးချမ်းခြင်းနှင်းပွင့်အကြည့်တို့သည် ငြိမ်းချမ်းစွာဖြင့် နှလုံးသားဗဟိုထဲထိနက်ရှိုင်းစွာ ဝင်ရောက် လေသည်။ ခံစားနေကျ ရှယ်နယ်လ်ဖိုက်ရေမွှေးနံ့တို့က နှင်းငွေ့တို့နှင့်အတူ သင်းပျံ့လာသည်။ မမနှင်း၏နူးညံ့ သောလက်အစုံကို ဆွဲယူနှုတ်ဆက်ရင်းမှ ဇာတ်ဝင်ခန်း စပြီထင်ပါရဲ့…..
““ မမနှင်း…. အရောက်လာခဲ့ပြီနော်…””
““ ဟုတ်ကဲ့….””
““ အနုမောဒနာကို အရောက်သွားပါဆိုလို့လာ ခဲ့တာပါ။ မမနှင်း… မနေ့ကပဲ ခရစ်တော်၌ အိပ်ပျော် သွားပါပြီ။ တို့က နှင်း… သင်းမြနှင်း…ပါ””
““ ဗျာ…””
နှင်းပြာရောင်ကောင်းကင်ကြီးထဲမှာ အနီရောင် လေနီကြမ်းတွေတိုက်ခိုက်ပါပေါ့လား။ လေနီကြမ်းကြီး ရေ.. ရက်စက်လိုက်တာ.. ဟေး….ဟေး…..ဟေး…. ဟေး…..
““ ဇာတ်လမ်းမစမီမှာဘဲ သေသွားပြီလား…ဇာတ် လိုက်ကောင်မလေးရေ…””
ဆက်လက်ဖတ်ရှုပါရန်
မောင်နွယ်မြင့် (စာပေဗိမာန် ဆုရ)