ဆရာကြီးယုဒသန်

မြန်မာနိုင်ငံရှိ ခရစ်ယာန်များအားလုံး ဖတ်ရှုနေသော မြန်မာကျမ်းစာကို ဟေဗြဲဘာသာမှ လည်းကောင်း၊ ဂရိဘာသာမှလည်းကောင်း၊ မြန်မာဘာသာသို့ လာသာပြန်ဆိုပေးခဲ့သောသူ၊ မြန်မာစာပေကို လေ့လာလိုက်စား လိုသူတို့အတွက် တန်ဖိုးထိုက်တန်လှသော မြန်မာ-အင်္ဂလိပ် အဘိဓာန်နှင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်တို့ကို နှစ်ရှည်လများ ကြိုးစားပြုစုခဲ့သူ အမေရိကန်သာသနာပြု ဆရာကြီးယုဒသန် (Dr. Adoniram Judson) သည် အမေရိကန်နိုင်ငံ၊ မတ်ဆာချုးဆက်နယ်၊ မော်လ်ဒန်မြို့တွင် ခရစ်သက္ကရာဇ် ၁၇၈၈ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၌ ဖွားမြင်သူဖြစ်သည်။

၁၈၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မတ်ဆာချုးဆက်ပြည်နယ်၊ ဘေးလိမ်းမြို့ ဆိပ်ကမ်းမှ ကာရဗန်အမည်ရှိသော နှစ်ပင်တိုင် ရှက်သင်္ဘောဖြင့် ခရစ်ယာန်သာသနာပြုရန် ပင်လယ်ခရီး ထွက်ခွာခဲ့သော ဆရာယုဒသန်နှင့် ဇနီးအဲန်းဟယ်ဇယ်တင်းတို့သည် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ အာဖရိကတိုက် တောင်စွန်း ဂွဒ်ဟုပ်အငူကို ကွေ့ပြီးလျှင် အိန္ဒိယသမုဒ္ဒရာသို့ရောက်ကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ၁၈၁၂ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့ တွင်ဆိုက်ရောက်လာကြသော အခါ အင်္ဂလိပ်နှစ်ခြင်း ခရစ်ယာန်သာသနာပြု ဆရာကြီး ကယ်ရီသည် သူတို့အား ခရီးဦးကြိုပြု   ခဲ့သည်။  ၁၈၁၂ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၌ ဆရာနှင့်မမတို့သည် ယခင်ကွန်ဂရီးဂေးရှင်းနယ်လ် အသင်းတော်ရေဖျန်းဂိုဏ်မှ နှုတ်ထွက်၍ ဆရာဝဒ်လက်တွင် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြလေသည်။ အမေရိကန်သာသနာပြုလုပ်ငန်းကို ကြိုးပမ်းထမ်းဆောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာသူပင်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်ရန်ဟူသော ရည်ရွယ်ချက် မရှိခဲ့ပါ။ အိန္ဒိယနိုင်ငံသို့ ခရစ်ယာန်သာသနာပြုရန်သွားရန် ထိုအချိန်တွင် အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မသင့်မတင့် ကြသဖြင့် အိန္ဒိယနိုင်ငံကို အုပ်ချုပ်နေသည့် ဗြိတိသျှအစိုးရ၏နှင့်ထုတ်ခြင်းကို ခံရမှုကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဂျော်ဂျီယားနားသင်္ဘောဖြင့် ၁၈၁၃ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် ရောက်ရှိလာကြသည်။

သူတို့သည် ရောက်လာလျှင် ရောက်လာကြချင်းခရစ်ယာန်သာသနာပြုလုပ်ငန်း ဖြစ်မြောက်အောင်မြင်ရေးသည် မြန်မာစကားကို နားလည်မှု၊ မြန်မာစာကို တတ်ကျွမ်းမှုအပေါ် အထူးတည်နေကြောင်း သိရှိကြသည်။ ထိုကြောင့်သူတို့နှစ်ဦးစလုံးသည် မြန်မာစကား၊ မြန်မာစာပေတို့ကို အထူးကြိုးစားလေ့လာကြသည်။ မှတ်တမ်းများအရ ဆရာယုဒသန်သည် စကားကွားခြားမှု အခက်အခဲများကြားမှ မနက်တိုင်း အိမ်မှထွက်၍ မြို့ဘက်သို့ ရောက်သောအခါ တွေ့ရာရာကို လက်ညှိုးထိုးလျက် မြန်မာတို့ အားမေးမြန်းမှတ် သား လေ

သည်။ မြန်မာစကားကို အတော်တတ်လာသော အခါ သူသည် အင်္ဂလိပ်စကားကို လုံးဝနီးပါးမျှ စွန့်၍ မြန်မာစကားပြောကာ မြန်မာကဲ့သို့တွေးနိုင်အောင် ကြိုးစားတော့သည်။

မြန်မာတို့အကြားတွင် ခရစ်ယာန်သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ၊ ဓလေ့တို့ ကို လည်းနားလည်ရပေဦးမည်။ တရားတော်ကို နှုတ်ဖြင့်မပြော၊ စာနှင့်မဟောနိုင်မီ ဆရာယုဒသန်သည် မြန်မာစာကို ဆရာဦးအောင်မင်းနှင့် ဦးစွာကြိုးစားသင်ယူခဲ့သည်။ ထို့နောက် အခြားကျမ်းဂန်တတ် ဆရာများနှင့် မြန်မာစာအမျိုးမျုးိတို့ကို ဆက်လက်ဖတ်ရုံမက ပါဠိဘာသာကို လည်းပရမတ်ဆရာကြီးပညာရှိ ဦးရွှေငုံမှစ၍ မင်းဝမြို့တော်ရဟန်းလူထွက် ပိဋိကတ် သုံးပုံကို အာဂုံဆောင် တတ်မြောက်သော မြန်မာပဏ္ဍိတို့နှင့် သင်ကြားတတ ်မြောက် လေသည်။ ထို့ကြောင့် ဆရာယုဒသန်သည် ဘာသာရေးစာပေများကို လေ့လာဆည်းပူးရာ၌် မြန်မာစကားကဲ့သို့ ဖြစ်နေသော ပါဠိ၊သက္ကတ စကားလုံးပေါင်း၊ လေးထောင်ခန့်မျှကိုလည်း စုဆောင်းမိလေသည်။ ထိုအခါသူသည် ထိုစကားလုံးစတင်ပြုစုလေသည်။

ထိုအဘိဓာန်တွင်ပါသော မြန်မာစကားလုံးများကို တစ်ဖန် အက္ခရာစဉ်ကာ အင်္ဂလိပ်အနက်ပေး၍ မထမ မြန်မာ-အင်္ဂလိပ်အဘိဓာန်ငယ်ကို ဆက်လက်ပြုစုပြန်သည်။   ဤသို့အပူတပြင်းကြိုးစားခိုက်တွင် မျက်စိရောဂါနှင့် ခေါင်းကိုက်ဝေဒနာများ စွဲကပ်လာသဖြင့် အတော်စိတ်ဆင်းရဲခဲ့ရသည်။

၁၈၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားပြည်၊ ဆရမ်ပူသာသနာပြု ကောလိပ်မှ ပုံနှိပ်စက်တစ်လုံးနှင့်မြန်မာစကားလုံးများကို မေတ္တာလက်ဆောင် ပေးပို့လိုက်သော ကြောင့် ဆရာယုဒသန်သည် အလွန်အားတက်ကာ ကျမ်းစာတော်မြတ်ကို မြန်မာဘာသာသို့ ဆက်လက်ပြန်ဆိုလေသည်။ ပုံနှိပ်စက်နှင့်အတူ ပုံနှိပ်အတတ်ကို တတ်ကျွမ်းသူခရစယာန် သာသနာပြုဆရာ ဂျော့အိပ်ချ်ဟောက်စ်သည် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

၁၈၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် အစအဆုံး စာ(၃)စောင်တွဲ၊ အောက်တိုဘာလ (၁၅)ရက်တွင် ဓမ္မအမေးအဖြေစာ(ဝေစာ)၊  ရွှေချိန်ခွင်ဝေစာ၊ ၁၈၁၇ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ကျမ်းစာ ၊ ၁၈၃၄ခုနှစ် မတ်လ (၃၁) ရက်တွင် ကျမ်းဟောင်း၊ ၁၈၃၇ခုနှစ် ၊ နိုဝင်ဘာလ (၁၈)ရက်တွင် သမ္မာကျမ်းချုပ်နှင့် ဓမ္မဆရာတို့ လက်စွဲကျမ်း ၊ အင်္ဂလိပ် -မြန်မာအဘိဓာန်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်အပြင် ပါဠိအဘိဓာန်ကိုလည်း ကြိုးစားရေးသားခဲ့သေးသည်။ လောကပညာကျမ်းများဖြစ်သည့် ပထဝီကရဏကျမ်း၊ နက္ခတ်တာရာကျမ်းများကိုလည်း ရေးသားပြုစုခဲ့သေးသည်။

သူသည် တရားဟောနိုင်လောက်အောင်စကားတတ်ပြီဟုယူဆသောကြောင့် တရားဟောချင်စိတ်ပေါက်လာလေသည်။ ထို့ကြောင့် သူသည် မြန်မာတို့တရားလေရှိသော စရပ်များကို သွားကာ ဓမ္မကထိကများဟောပြောသည်တို့ကို မြန်မာများနှင့်အတူ နာယူ၍ အတုယူလေတော့သည်။ ထို့နောက်ခရစ်ယာန်သာသနာပြု အိမ်ကြီးနှင့်မလှမ်းမကမ်း လူသွားလူလာများသော လမ်းတွင် စရပ်တစ်ဆောင်ဆောက်လုပ်လေသည်။ စရပ်မျက်နှာစာခန်းကို ဝါးဓနိတို့ဖြင့် ဆောက်လုပ်၍ အကာအရံမရှိဘဲ ဟင်းလင်းထားသည်။ ထိုအဆောင်တွင် ဆရာယုဒသန်သည် ထိုင်၍ ခရီးသွားသူများကို တရားလာနာရန် ဖိတ်ခေါ်လေ့ရှိလေသည်။ အလယ်ခန်းကို သစ်သားနှင့် ပြင်၍ နံရံကို ဆေးဖြူသုတ်ထားသည်။ အခန်းတွင်း၌ ဘုရားရှိခိုးကြသည်။ ကလေးသူငယ်များကို သစ်သား သင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိလေသည်။ ထိုစရပ်ကြီးတွင် ဆရာယုဒသန်သည် တရားစ၍ ဟောတော့ သည်။ ကျမ်းစာများသည် ဆက်လက်ရေးသားပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေသည်။

ဘကြီးတော်ဘုရားလက်ထက်သို့ ရောက်သောအခါ ဆရာယုဒသန်သည် အင်းဝရွှေပြည်တော်ကြီးဆီသို့ရောက်ရှိခဲ့ပြီး နေပြည်တော်ရှိ မင်းညီမင်းသား၊ မှူးကြီး မတ်ကြီး၊ မြန်မာပညာရှိကြီးများနှင့် ဘာသာရေးစာပေများကို ဆွေးနွေးခွင့် ရခဲ့လေသည်။ တိုအတောအတွင်း အင်္ဂလိပ်နှင့် မြန်မာတို့ စစ်ဖြစ်ရာ ၁၈၂၄ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် ဆရာယုဒသန်နှင့် တကွ နိုင်ငံခြားသား မျက်နှာဖြူအချို့ အဖမ်းခံရလေသည်။ ဆရာယုဒသန်သည် ဦးစွာအင်းဝမြို့လက်မရွံ့ထောင်တွင် (၁၁)လ ၊ထိုနောက် အင်းဝမြို့ လက်မရွံ့ထောင်နှင့် (၁၀)မိုင်ခန့် ကွာဝေးသောအောင်ပင်လယ်ထောင်တွင် (၆)လစုစုပေါင်း (၁)နှစ်နှင့် (၅)လ ခန့်အချုပ်ခံရသည်။ ရန ္တပိုစာချုပ်ချုပ်ဆိုချိန် ၁၈၂၅ ခုနှစ် မေလတွင် မြန်မာအစိုးရဘက်မှ စာတော်ပြန်၊ စကားတော်ပြန်အဖြစ် လိုက်ပါဆောင်ရွက်ရန် လွတ်မြာက်လာခဲသည်။ မလွန် မင်းလှမြို့၌(၂)လမျှ ကြာခဲ့၏။ ထို့နောက် အင်းဝသို့ရောက်ပြန်လျှင် မြောက်ထားဝယ်ဗိုလ် မောင်ရွှေလူ၏ ကျေးဇူးကြောင့် အချုပ်အတွင်းသို့ ပြန်မဝင်ရတော့ဘဲ မောင်ရွှေလူထံ၌ပင် (၂)လ နေရသည်။ စကားပြန် ၊စာတော်ပြန်အဖြစ် ထမ်းဆောင်ရသော (၂)လနှင့် မောင်ရွှေလူအိမ်၌ အကျယ်ချုပ် (၂)လ ပေါင်းထည်းသော် စုစုပေါင်း (၂၁)လမျှ ကြာခဲ့လေသည်။

စစ်ပြေငြိမ်းရန် ရန ္တပိုစာချုပ်ကို ၁၈၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် အင်္ဂလိပ်နှင့် မြန်မာဝန်ရှင်တော်မင်းကြီးတို့က သဘောတူလက်မှတ်ထိုးကြသည့်နောက် မတ်လ (၆)ရက်နေ့တွင် ဆရာ၊မမနှင့် သမီးငယ် မရီယာတို့သည် ရန ္တပိုရပ် အင်္ဂလိပ်မင်းစစ်တပ်မှ ရန်ကုန်မြို့သို့ ပြန်ခဲ့ကြပြီး ၁၈၂၆ ခုနှစ် ၊ ဇူလိုက်လ (၂)ရက်နေ့မှစ၍ ကျိုက္ခမီမြို့၌ ခရစ်ယာန်သာသနာရေးကိစ္စတို့ကို ဆောင်ရွက်ကြလေသည်။ ဆရာယုဒသန်ကို အင်္ဂလိပ်မင်းတို့က တစ်နှစ်လျှင် ငွေတစ်သောင်းကျော်ပေး၍ စကားပြန်တော်ရာထူး ချီးမြင့်လိုသော်လည်း သူက ငြင်းပယ်လိုက်လေသည်။

ဆရာယုဒသန် အင်းဝသို့ သွားနေခိုက် ၁၈၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် မမယုဒသန်ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ဇနီးသည်အား ကျိုက္ခမီမြို့တွင်ပင် ဂူသချုင်းနှင့်ထားခဲ့၍ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်လေသည်။ ထိုသို့ အင်းဝ၊ ကျိုက္ခမီ၊ မော်လမြိုင်မြို့တို့တွင်နေထိုက်လျက် မိမိ၏ ရည်ရွယ်ချက်ဖြစ်သော ခရစ်ယာန်သာသနာဖွံ့ဖြိုးရေး၊ အဘိဓာန်ပြုစုရေးနှင့် ကျမ်းစာဘာသာပြန်ဆိုရေးတို့ကို မနားမ နေ ကြိုးစားလုပ်ဆောင်လျက်ပင်ရှိပါသည်။

သို့နှင့်၁၈၃၄ ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့တွင် မုဆိုးမတစ်ဦးဖြစ်သူ မစ္စစ်ဘို့ဒ်မင်းနှင့် လက်ဆက်ပြန်သည်။ ၁၈၄၅ခုနှစ်သူရော ဇနီးသည်ပါ နေထိုင်မကောင်းကြလွန်းသဖြင့် ဆေးဝါးကုသရန် အမေရိကန်နိုင်ငံသို့ ပြန်လာကြသည်။ သို့ရာတွင် ဇနီးသည်မှာ လမ်းခုလတ် စိန့်ဟယ်လင်နာတွင်ပင် ဘုန်းတော်ဝင်စားခဲ့ ရှာသည်။

အမေရိကန်နိုင်ငံသို့ရေက်၍ ကျန်းမာလာသော အခါ ဆရာယုဒသန်သည် မိမိ၏ မပြီးပြတ်သေးသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လိုသောကြောင့် ၁၈၄၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ ရန်ကုန်မှ တစ်ဖန် မော်လမြိုင်မြို့သို့ ရွှေ့ပြောင်းနေထိုင်ပြန်လေသည်။

အမေရိကန်နိုင်ငံမှ ပြန်မလာမီ ၁၈၄၆ခုနှစ၊ ဇွန်လ (၂)ရက်နေ့တွင် မမအဲမလီနှင့် တတိယအကြိမ် အိမ်ထောင်ထူသည်။ ၁၈၅၀ခုနှစ်အတွင်း အပြင်းအထန် မမာမကျန်းဖြစ်လာရပြန်ကာ သင်္ဘောဖြင့် မော်လမြိုင်မြို့မှ ထွက်ခွာလာခဲ့သည်။ သို့ရာတွင် သူ၏ဇနီးနည်းတူပင် နေရင်းရပ်ထံသို့ပြန်၍ မရောက်ရရှာဘဲ ဧပြီလ (၁၂)ရက်နေ့၌ သင်္ဘောပေါ်၌ပင် ဘုန်းတော်ဝင်စားခဲ့သဖြင့် ရေချ သဂြိုဟ်လိုက်ကြရသည်။

မမအဲမလီနှင့် ကလေးများသည် ၁၈၅၁ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ပြန်သွားကြသည်။ ၁၈၅၄ခုနှစ် ၊ ဇွန်လ (၁)ရက်နေ့တွင် မမသည် ခေါ်တော်မူခြင်း ခံခဲ့ရလေသည်။

 

သိက္ခာတော်ရဆရာဦးကိုကို

မေတ္တာတမန်မဂ္ဂဇင်း၊ အတွဲ(၄၅)၊ အမှတ်(၁)၊ ၂၀၀၇ ဇူလိုင်လထုတ်၊  Rev: ဦးကိုကိုရေးသားသော အတ္ထုပ္ပတ္တိကို ပြန်လည်ဖော်ပြပါသည်။