ကျွန်မရဲ့ဘ၀မှာအမြဲတမ်းရောက်ခဲ့တဲ့ နေရာလေးကတော့ ဘုရားကျောင်းပဲ ဖြစ်တယ်။ ကျွန်မတို့ရဲ့ ဘုရားကျောင်းက အင်မတန်သာယာတဲ့နေရာလေးပေါ့ … ကျွန်မအတွက်တော့ သခင်ယေရှုတရားဟောခဲ့တဲ့ အရှေ့အလယ်ပိုင်းကဒေသကိုရောက် နေသလိုမျိုးခံစားမိတယ် … ကျွန်မရဲ့ ၀ိညာဉ်ထွက်ပေါက်ပေးတဲ့နေရာ၊ စိတ်အာဟာရ အပေးနိုင်ဆုံး နေရာလေးပေါ့ … ဘုရားကျောင်းဆိုတာ ကျွန်မအတွက်တော့ သုခဘုံနန်းလို့ပဲ တင်စားပါရစေ။
ကျွန်မမိသားစုလေးထဲမှာ ကျွန်မရဲ့ ယောကျာ်းက ၀န်ထမ်းတစ်ယောက်ပေါ့ … အချစ်ဆုံးလို့ ခေါ်ရပေမယ့် မိသားစုလေးနဲ့ ခွဲခွာပြီးနေခဲ့တာနှစ်နှစ်ရှိခဲ့ပြီးပေါ့ အခုတော့ သူက ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ ဇာနည်ဆိုတဲ့သားတစ်ယောက်နဲ့ ချန်ချန်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ကျွန်မရဲ့ နှလုံးသားပုံရိပ်လေးတွေပေါ့။ ကျွန်မရဲ့ယောက်ျား ကတော့ ယုံကြည်ခြင်းမှာတအားပြင်းထန်တယ်။ ဘာမဆို အာမင် ထူးနိုင်တယ်။ ဘုရားသခင် လုပ်ပေးတာပါဆိုပြီး ချီးမွမ်းလေ့ရှိတယ်။ ဒါကို ကျွန်မလိုက်လို့ မမှီနိုင်ဘူး … ကျွန်မကတော့ ပြောစရာရှိ ခပ်ပြင်းပြင်းလေး ရှေ့နောက်မကြည့်ဘူး … ပြောစရာရှိရင် တည့်တည့်ပြော တတ်တယ်။ အဲဒါကျွန်မရဲ့ အားနည်းချက်ပဲ။
ကျွန်မရဲ့ဘုရားကျောင်းမှာ အခုတလော အပြောင်းအလဲတွေများလွန်းနေတယ် … ခေတ်ရဲ့ပြောင်းလဲမှုကြောင့်လား မသိဘူး။ ခံယူချက်တွေကလည်း ပြောင်းလဲနေ ကြတယ်။ အမျိုးသားမိတ်သဟာယအဖွဲ့ဆိုရင် လုပ်ငန်းအသီးသီးကနေ ပင်စင်ယူကြတဲ့ သူတွေများတော့ အတွေ့အကြုံအများကြီးရှိကြတယ်။ ဒီတော့ ဘာမှဆို အိုင်ဒီယာလေးတွေ ပုံဖော်ဖလှယ်ကြတော့တယ်။ ဒါကြောင့် တစ်ချို့ကိစ်္စတွေဆို မကြာသင့်ဘဲ  ကြန့်ကြာမှုတွေ ရှိလာတယ်။ အမျိုးသမီးမိတ်သဟာယအဖွဲ့ကတော့ ဒေါင်ဒေါင်မြည်တဲ့ ခေါင်းလောင်းသံလိုပဲ အသင်းတော်မှာ ချိုသာကြည်လင်စွာနဲ့ အသံမြည်နေတာပေါ့ … ဆုတောင်းရင်းလည်း အပြည့်၊ ဘာကိစ်္စမဆိုလည်း မဖြစ်ဖြစ်အောင်လုပ်ကြတယ်။ ၀ိုင်းဖွဲ့ပြီး ရယ်စရာတွေဖွဲ့ အတင်း တုတ်ကြတာကလည်း မဆုံးနိုင်ဘူး … မနည်းဖြတ်ရတယ်။
အသင်းတော်ရဲ့ လူငယ်မိသဟာယအဖွဲ့ကတော့ ခေတ်သစ်စတိုင်နဲ့အားယူပြီး မာန်ဟုန်ပြင်းပြင်း သွားချင်ကြတယ်။ အတွေ့အကြုံအသစ်တွေ ခံစားရယူချင်တယ်။ ဒါကြောင့် အတွေ့အကြုံရင့်ကျက်တဲ့ အသင်းတော် လူကြီးတွေနဲ့ အမြဲထိပ်တိုက်တွေကြတာချင်ပဲ … ငြင်းကြခုံကြပေါ့ … ဒါ့ပေမယ့် ဒီနှစ်ခေတ်လူငယ်တွေက တစ်ကယ်စံပြပါပဲ ဘာမဆို ဆုတောင်းပြီး ရဲရဲရင့်ရင့်လုပ်ဆောင်သွားတတ်ကြတယ်။ အခုဆိုရင် လူငယ်ဆိုတာ အသင်း တော်ရဲ့အား၊ မောင်းတံတစ်ခုဖြစ်နေပြီး … အသင်းတော် ဓမ်္မပညာကတော့ အခြေခံ အုတ်မြစ် အရေးကြီးတဲ့ဖေါင်ဒေးရှင်းဖြစ်လို့ ဆက်ကပ်ကြတဲ့ ဆရာ၊ ဆရာမတွေကပိုပြီး ပေးဆက်ကြရတယ်။ ရာစုခေတ်ရဲ့ ကျူရှင်တွေကလည်း ခေတ်စားလာတော့ ဓမ်္မပညာသင်တဲ့ ဆရာ၊ ဆရာမတွေက ဒူးထောက်ပြီး ပိုဆက်ကပ်ဆုတောင်း လာကြတော့တယ်။ ပါရဒိုင်း ပြောင်းလဲမှုကို အရင်ဆုံးကြုံရတာကတော့ အသင်းတော် ဓမ်္မပညာဌာနလို့ ကျွန်မရိုးသားစွာ ထင်မိတယ်။ အသင်းတော်ကိစ်္စမှန်သမျှ ကြီးငယ်ပိုင်းဟာ ဘလိုဘယ်လိုက်ဆေးရှင်း ဖြစ်နေပြီး ကွန်ရက်တွေဖြန့်ထားသလိုပဲ အသင်းတော်ကလူတိုင်းသိကြတယ် … အင်တာနက် ပါးစပ်တွေကတော့ ဖိုင်တွေတောင် သိမ်းလို့မနိုင်တော့ဘူး။
ကျွန်မအတွက် ကြည်နူးရိပ်လေးရဲ့နေရာဖြစ်တဲ့ အသင်းတော်ဟာ တစ်ချိန်ကကျွန်မအတွက် ဖြေမဆည်နိုင်တဲ့ဘ၀တွေကို ငြိမ်သက်မှုပေးခဲ့တာပေါ့ … လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မ ယောကျာ်းခေါ်တော်မူခြင်းခံရတဲ့အချိန်မှာ ကျွန်မဟာ ဘုရားသခင်ကို အပြစ်တင်မိတယ်။ ဘာကြောင့် ခွင့်ပြုရတာလည်းပေါ့။ကျွန်မမေးခွန်းမေးဘူးတယ်။ အဲဒီအချိန်တုန်းက ဈာပနာကျင်းပခဲ့တဲ့ အသင်းတော် ဟာ ကျွန်မအတွက်အခုတော့ ခိုနားရာလေး ပေါ့ အင်း ကျွန်မသိပ်ကို ၀မ်းသာမိတယ်။ ဘုရားသခင်က ကျွန်မရဲ့အိုအေစစ်ဖြစ်နေလာပါပြီ… မကြာပါဘူး တစ်ရက်ပြီးတစ်ရက် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်း ကို လက်တွေ့ခံစားလာရတယ်။ နောက်တော့ ကျွန်မဘုရားသခင်ရဲ့ကရုဏာကိုခံစားပြီး အသင်းတော် ဘုရား ရှိခိုးကျောင်းကို ပုံမှန် ရောက်ရှိခဲ့တော့တယ်။ အသင်းတော်ဘုရားကျောင်းဆိုတာ ကျွန်မအတွက် အေးမြခြင်းတွေ ဆောင်ကြဉ်ပေးတဲ့နေရာ၊ အားငယ်နေတဲ့အချိန်မှာ ဘုရားသခင်ဆီတိုးဝှေ့ပြီး ဆုတောင်းနိုင်တဲ့နေရာ၊ လွတ်လွတ်လပ်လပ် ၀ိညာဉ်ထဲမှာ ပျော်မွေ့တဲ့နေရာ၊ ၀ိညာဉ်ရေးရာ တိုးတက် ရင့်ကျက်စေတဲ့နေရာ၊ တရားဒေသနာရဲ့ အချိုမြိန်ဆုံးကို ခံယူတတ်ဖို့ အကောင်းဆုံးနေရာ ကျမ်းစာရွက်ဖတ်သံတွေတညံညံနဲ့ မိုဏ်းယံထိတိုင် ပျံလွင့်မယ့်နေရာ … ဓမ်္မသီချင်း ချီးမွမ်းသံ တွေက စုပေါင်းအင်အားကို ဖြစ်စေတဲ့နေရာလေးပေါ့။
ကျွန်မဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ နေ့ရက်တိုင်းအတွက် ဘုရားသခင်ကို ကျေးဇူး အများကြီးတင်တယ်။ တကယ်ပါ။
ကျွန်မရဲ့ အသင်းတော် ဘုရားရှိခိုးကျောင်းက အုတ်တွေအထပ်ထပ် စီထားသလိုပဲ ခိုင်မာရင့်ကျက်မှုတွေ ပေးနေတာပေါ့။ ကျေးဇူးတော်ကြောင့်ရတဲ့ အသင်းတော်ဟာ လူတွေ ဘယ်လိုပြောင်းပြောင်း မျိုးဆက်သစ်တွေ အသစ်တွေနဲ့ ရှေ့ခရီးကို ဆက်လို့နေပြီပေါ့။ ကျွန်မ သိပ်ပျော်တယ်။ အနာဂတ်ဆိုတာ အသင်းတော်မှာရှိတယ်။
ဖြူစင်မှုတွေ ဖုံးလွှမ်းတဲ့နေရာ၊ အတ်္တတွေ မြှုပ်နှံမယ့်နေရာ၊ တူညီတဲ့လုပ်ဆောင်မှု တွေ ဖေါ်ဆောင်မယ့်နေရာပေးနေတဲ့ အသင်းတော်ဆက်ပြီးဆက်ပြီး ကြီးမားတဲ့အံ့သြစရာ တွေ တွေ့လာရမှာပဲလို့ ကျွန်မထင်တယ်။
ဘုရားသခင် . . . အသင်းတော်တွေကို ရှင်သန်ရင့်ကျက်စေပါ၊ နိုးကြားစေပါလို့ ဆုတောင်းမိတယ်။
တစ်ခါ တစ်ခါ
လူတွေအသင်းတော် မလာကြတဲ့အချိန်မှာ အသင်းတော်ကတော့ တံခါးဖွင့်ထားဆဲ၊ ငြိမ်သက်မှုတွေ ပေးနေမြဲ။ လာပါ အသင်းတော်ဆိုတာ ကြည်နူးရိပ်လေးရဲ့နေရာ တစ်နေရာ ပေါ့။ သွားကြစို့။ အသင်းတော်တွေဆီလို့ ကျွန်မ ဟစ်အော်နေမိတော့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားစွာ

မုန်ပီး (စီးတီး)