နိဒါန်း
ခရစ်ယာန်သာသနာပြုပုံစံနှင့်ခရစ်ယာန်သာသနာအပေါ် ခံယူချက်သည် ခေတ်အဆက်ဆက်က ပြောင်းလဲလာသော ခရစ်ယာန်ဓမ္မအတွေးအပေါ် မူတည်ပြီး အစဉ်ပြောင်းလဲလာခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ဤပြောင်းလဲမှုထဲတွင် အကောင်းနှင့်အဆိုး အမြဲဒွန်တွဲလျက်ရှိသည်ကို တွေ့ရသည်။

ခရစ်ယာန်သာသနာသမိုင်းကို သေသေချာချာ လေ့လာမှသာလျင် ဤအချက်ကို သိရှိနိုင်မည်။ ထို့ကြောင့် ခရစ်ယာန်သာသနာသမိုင်းကို လေ့လာရန် လိုအပ်ပါသည်။ သမိုင်းကိုလေ့လာသည့် အပြင် သေသေချာချာ သုံးသပ်ရန်လည်း လိုအပ်သည်။ သို့မှသာလျင် အတိတ်မှအမှားများကို ရှောင်ရှားနိုင်ပြီး မျက်မှောက်အသင်းတော် သာသနာအတွက် မှန်ကန်သော သာသနာပြုပုံစံကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

တမန်တော်ခေတ်အတွင်းခရစ်ယာန်သာသနာ (ခသ ၃၇-၁၀၀)
တမန်တော်ခေတ်အတွင်း ခရစ်ယာန်သာသနာကို ယေဘုံယျအားဖြင့် နှစ်ပိုင်းခွဲခြားလို့ ရပါသည်။ ယုဒခရစ်ယာန်သာသနာနှင့် ဟေလသခရစ်ယာန်သာသနာတို့ ဖြစ်ပါသည်။ ယုဒခရစ်ယာန်သာသနာအကြောင်းကို နားလည်ရန်အတွက် ပထမဦးစွာ ယေရုရှလင်အသင်းတော်အကြောင်းကို သိရှိဖို့ရန် လိုအပ်သည်။ ယေရုရှလင်အသင်းတော်သည် ယေရှု၏တပည့်တော်များနှင့် နီးစပ်ရာဆွေမျိုးများ စုပေါင်းတည်ဆောက်ခဲ့သော အသင်းတော် ဖြစ်ပါသည်။ သူတို့သည် ယေရှုနောက်လိုက်များဖြစ်သော်လည်း ဂျူးလူမျိူးများဖြစ်သည့်အတွက် ယုဒဘာသာနှင့် ဓလေ့ထုံးတမ်းများကို မစွှန့်လွှတ်ကြပါ။ ယုဒတရားဇရပ် (Synagogue) နှင့် ဗိမာန်တော် (Temple) တွင် ဝတ်ပြုကိုးကွယ်ကြသည်။ ယုဒကျမ်းစာကို(Torah) လည်း အသုံးပြုကြသည်။ ယုဒဘာသာဝင်များနှင့် မတူသည့်အချက်မှာ ယေရှုကို မေရှိယအဖြစ် ယုံကြည်လက်ခံခြင်းပင် ဖြစ်သည်။

ယေရုရှလင်အသင်းသားများ၏ ယုံကြည်ခြင်းနှင့် ကျင့်ကြံနေထိုင်ပုံများသည် အခြားသောဂျူးလူမျိုးနှင့် ဟေလသလူမျိုးများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ နောင်တတရားနှင့် သက်ဆိုင်သော သူတို့၏ တရားဟောချက် များ၊ နောင်တနှင့်အတူ ပြောင်းလဲလာသောသူတို့၏ အသက်တာများနှင့် အချင်းချင်း ကူညီတတ်သော သူတို့၏ အသက်တာများသည် တပါးသူများအတွက် တည်ဆောက်စရာဖြစ်ခဲ့ပြီး အချိန်တိုအတွင်း၌ သူတို့၏ အသင်းသား ဦးရေတိုးပွားလာခဲ့ပါသည်။ အသင်းတော်တည်စက ဦးရေ ၃၀၀၀ (တမန် ၂း၄၁) အထိ တိုးလာခဲ့ပါသည်။ ထို့နောက် အသင်းသား ၅၀၀၀ (တမန် ၄း၄) အထိ တိုးလာခဲ့ပါသည်။

ဤသည်မှာ ယုဒခရစ်ယာန်သာသနာ၏ အမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီး နောက်ပိုင်းတွင် ယုဒခရစ်ယာန်သာသနာထက် ဟေလသခရစ်ယာန်သာသနာက ပို၍အရေးပါလာခဲ့ပါသည်။

ယုဒခရစ်ယာန်သာသနာ မှေးမှိန်သွားရခြင်းမှာ သူတို့၏ ကျဉ်းမြောင်းသော ဓမ္မအတွေးအခေါ်နှင့် သာသနာအယူအဆကြောင့်ပင် ဖြစ်သည်။ သူတို့၏ အယူအဆအရ ယေရှုသည် ယုဒလူမျိုးများအတွက်သာ ဖြစ်သည်။ ယုဒလူမျိုးဖြစ်မှသာလျှင် ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါသည်။ တပါးအမျိုးသားများ ယေရှုနောက်လိုက်ဖြစ်ချင်လျှင် ယုဒလူမျိုးအဖြစ် ခံယူပြီး ယုဒလူမျိုး၏ဓလေ့များကို လိုက်နာကျင့်သုံးရမည် ဖြစ်သည်။ ဤအချက် သည် ယေရှုက ိုယုံကြည်လက်ခံချင်သော တပါးလူမျိုးများအတွက် အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ရောမယဉ်ကျေးမှုအောက်မှာ ကြီးလာသော ဂျူးခရစ်ယာန်များပင်လျှင် ဤအတွေးအခေါ်ကို သဘောမတူ ဘဲ ယေရုရှလင် အသင်းတော်မှ ခွဲထွက်ပြီး တပါးအမျိုးသားတွေအကြားမှာ သာသနာကို စတင်ခဲ့ကြပါသည်။ သူတို့၏ ဧဝံဂေလိတရားသည် ခရစ်တော်ကို ယုံကြည်ဆက်ကပ်ရန်သာ ဖြစ်ပြီး ယုဒလူမျိုး၏ဓလေ့များကို လိုက်နာကျင့်သုံးရန် မလိုသည့်အတွက် ယေလသလူမျိုး အမြောက်အများ ခရစ်တော်ကို ယုံကြည်လက်ခံလာခဲ့ကြ ပါသည်။ ရှင်ပေါလုလည်း ထိုသဘောအတိုင်း သာသနာ ဆက်လက်ပြုခဲ့ပြီး ယေလသလူမျိုးများ ထံမှ ကောင်းသော တုံ့ပြန်မှုကို ရရှိခဲ့ပါသည်။

ရှင်ပေါလု၏ ဓမ္မသဘောအရ အာဗြဟံအမျိုးအနွယ်ဖြစ်ရန်အတွက် သွေးထက်ယုံကြည်ခြင်းက အရေးပါသည့်အတွက် ဟေလသလူမျိုးများအတွက် အကြိုက်ဖြစ်ခဲ့သည် ။ယေရှု၌ နောင်တတရားနှင့် ပြောင်းလဲရန်သာ လိုအပ်ပြီး မိမိ၏ရိုးရာယဉ်ကြေးမှုများကို ပြောင်းရန်မလိုသည့်အတွက် ယေရှုကို လက်ခံရန် လွယ်ကူခဲ့ပါသည်။ ထို့အပြင် ခရစ်ယာန်များ၏ ကိုယ်ကျင့်တရားအပေါ် အလေးထားမှု၊ တစ်ဦးကိုတစ်ဦး ကူညီမစမှုနှင့် လူလူချင်း ညီတူညီမျှဆက်ဆံမှုတို့သည် သာသနာအောင်မြင်မှုအတွက် အရေးပါခဲ့ပါသည်။ အပယ်ခံလူများအတွက် ခရစ်ယာန်ဘာသာသည် ခိုလှုံရန်ဖြစ်ခဲ့သည်။

အသင်းတော်ဖခင်ကြီးများခေတ်အတွင်း ခရစ်ယာန်သာသနာ (ခသ ၁၀၀-၅၀၀)

ယေဘုယျအားဖြင့် အသင်းတော် ဖခင်ကြီးများခေတ်ကို ခသ၁၀၀မှ ၅၀၀အတွင်း သတ်မှတ်ထားပါသည်။ ဤကာလအတွင်း ခရစ်ယာန်သာသနာပြုခြင်းသည် အသွင်တမျိုး ပြောင်းလဲလာခဲ့ပါသည်။ တမန်တော်ခေတ် အတွင်း ခရစ်ယာန်အများစုသည် အောက်ခြေလူတန်းစားများ ဖြစ်ပါသည်။သို့သော် အသင်းတော် ဖခင်ကြီးများခေတ်တွင် အထက်တန်းလွှာ ခရစ်ယာန်များ သိသိသာသာ များပြားလာခဲ့ပါသည်။ ဤခေတ်၏ အရေးပါသော ခရစ်ယာန်သာသနာသည် စာပေဖြင့် ခရစ်ယာန်ဓမ္မသဘောကို ထုတ်ဝေရေးသားခြင်းပင် ဖြစ်သည်။ ခရစ်ယာန်ဓမ္မစာပေများ ကြောင့် ပညာတတ်နှင့် အထက်တန်းလွှာများအကြား ဧဝံဂေလိတရား ပိုမိုပေါက်ကြားလာပြီး အထက်တန်းလွှာ ခရစ်ယာန်များ များပြားလာခဲ့ပါသည်။

အထက်တန်းလွှာများအကြား ဧဝံဂေလိတရား ရောက်ရှိရန် အသင်းတော်ဖခင်များ၏ အခန်းကဏ္ဍသည် အရေးကြီးခဲ့ပါသည်။ ဤကာလတွင် ခရစ်ယာန်များနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို မယုံကြည်သူများ အမျိုးမျိုး ပုတ်ခတ်စွပ်စွဲခဲ့ကြ ပါသည်။ ဤစိန်ခေါ်မှုများကို ပြန်လည်ချေပရင်း အသင်းတော်ဖခင်ကြီးများသည် ဂရိဒသနကို အသုံးပြုပြီး ခရစ်ယာန်ယုံကြည်မှု ဓမ္မအတွေးအခေါ်ကို ဖေါ်ဆောင်ခဲ့ပါသည်။ ခရစ်ယာန်ယုံကြည်မှုကို ဂရိဒသနဖြင့် ဖေါ်ပြသည့်အတွက် ပညာအထက်တန်းလွှာများ ခရစ်ယာန်ယုံကြည်မှုအပေါ် အာရုံစိုက်လာခဲ့ကြပါသည်။ အသင်းတော် ဖခင်ကြီးများကြောင့် ခရစ်ယာန်ယုံကြည်မှု သည် စာနှင့်ပေနှင့် ဖြစ်လာခဲ့ပြီး ကမ္ဘာလောကကြီးအတွက် ယခုထိတိုင် အရေးပါသော ယုံကြည်မှုကြီးတခု ဖြစ်သွားခဲ့ပါသည်။ ဤကာလအတွင်း ခရစ်ယာန်များသည် ရောမအင်ပါယာအတွင်း လူနည်းစုမဟုတ်တော့ပဲ လူများစုများ တဖြည်းဖြည်း ဖြစ် လာခဲ့ပါသည်။

ခိုင်မာသော ကက်သလစ်အသင်းတော်နှင့် ဥရောပသာသနာ (ခသ၅၀၀-၁၂၀၀)

ခသ၅၀၀မတိုင်မီကပင် ခရစ်ယာန်အင်အား များပြားလာသည်ကို တွေ့ခဲ့ရသည်ဖြစ်သည်။ ခရစ်ယာန်ယုံကြည်သူ များပြားလာသည်နှင့်အမျှ မထင်မှတ်ထားသော ပြဿနာများ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုကာလတွင် ယေရှုနှင့်ပတ်သက်သည့် အနက်ဖွင့်ချက် အမျိုးမျိုး ထွက်လာခဲ့ပါသည်။ အသင်းတော်ခေါင်းဆောင်များလည်း အပြိုင်အဆိုင် ဖြစ်လာခဲ့ကြပါသည်။ ထို့အပြင် ခရစ်ယာန် ယုံကြည်ခြင်းနှင့် ပတ်သက်သော ကျမ်းအမျိုးမျိုး ထွက်လာခဲ့ပါသည်။ ဤပရမ်းပတာဖြစ်နေသည့် အခြေအနေကို ထိန်းကွပ်ရန်အတွက် အသင်းတော်ခေါင်းဆောင်များ ခေါင်းချင်းဆိုင် ဆွေးနွေးပြီး ယေရှုနှင့်ပတ်သက်သည့် ယုံကြည်မှု သတ်သတ် မှတ်မှတ် ပေါ်လာရန် ကြိုးစားခဲ့ပါသည်။ ပြဿနာများရှိလျှင် ဆုံးဖြတ်ရန်အတွက် အသင်းတော်အုပ်ချုပ်ပုံ ထွက်လာရန်လည်း ကြိုးစားခဲ့ကြသည်။ထို့အပြင် ခရစ်ယာန်များအတွက် တစ်ခုတည်းသောကျမ်းစာ သတ်သတ် မှတ်မှတ် ထွက်လာအောင် ကြိုးစားခဲ့ကြပါသည်။

ခရစ်ယာန်၏အုပ်ချုပ်ပုံနှင့် ယုံကြည်ခြင်း သတ်သတ်မှတ်မှတ် ထွက်ပေါ်လာပြီးနောက် ကက်သလစ်အသင်းတော်လည်း ထွက်ပေါ်လာခဲ့ပါသည်။ ကက်သလစ်အသင်းတော်သည် ကယ်တင်ခြင်းအတွက် အရေး ပါသောနေရာတခု ဖြစ်လာခဲ့ပါသည်။ တမန်တော်ခေတ်မှာ ကယ်တင်ခြင်းအတွက် ယုံကြည်ခြင်းရှိရန် အရေးကြီးခဲ့သော်လည်း ဤကာလမှာ ကယ်တင်ခြင်းအတွက် ကက်သလစ်အသင်းတော်သည် အရေးကြီး လာခဲ့ပါသည်။ ကက်သလစ်အသင်းတော်ထဲ ဝင်ပြီး အသင်းတော်၏လုပ်ထုံးများကို လုပ်ဆောင်မှသာလျှင် ကယ်တင်ခြင်းရနိုင်မည်။ကက်သလစ်ပြင်ပ၌ ကယ်တင်ခြင်းမရှိဟု အမြင်များ ထွက်ပေါ် လာခဲ့ပါ သည်။ ဤအတွေးအခေါ်သည် အလယ်ခေတ် ခရစ်ယာန်သာသနာ အသွင်တမျိုးကို ထွက်ပေါ်စေခဲ့ပါသည်။ ကက်သလစ်အသင်းတော်ထဲ ဝင်လာမှသာလျှင် ကယ်တင်ခြင်းရရှိမည်ဟု ယုံကြည်မှုရှိသည့်အတိုင်း ဤကာလ အတွင်း ခရစ်ယာန်သာသနာ၏ မျှော်မှန်းချက်သည် ဥရောပတခွင်လုံး ကက်သလစ်အသင်းတော်အောက် ရောက်ရှိရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ပုတ်ရဟန်းမင်းကြီးများသည် ဥရောပဒေသများကို နည်းမျိုးစုံဖြင့် ကက်သလစ်အသင်းတော်ထဲကို သွတ်သွင်းခဲ့ပါသည်။ တရားဟောခြင်းဖြင့် သော်၎င်း၊ အဓမ္မနည်းဖြင့်သော်၎င်း အားလုံးကို ကက်သလစ်အသင်းတော်ထဲရောက်အောင် လုပ်ဆောင်ခဲ့ပါသည်။ ဤနည်းဖြင့် အလည်ခေတ် ခရစ်ယာန်သာသနာသည် ကက်သလစ်အင်ပါယာ ချဲ့ထွင်ခြင်းအသွင်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့ ပါသည်။ ထို့အပြင် ခရစ်ယာန်ဘာသာနှင့် နိုင်ငံရေးအုပ်ချုပ်မှုတို့သည် ခွဲ၍မရလောက်အောင် ဒွန်တွဲလာခဲ့ပါသည်။ အလယ်ခေတ်တွင် ဝိညာဉ်ရေးကို ရှေးရှု သောသာသနာ လုပ်ရှားမှုများ ရှိခဲ့သော်လည်း ၎င်းတို့သည် ကက်သလစ်အင်ပါယာချဲ့ထွင်ခြင်းအတွက် အသုံးတော်ခံများ ဖြစ်သွားကြသည်။

ဘာသာရေးပြုပြင်ပြောင်းလဲရေး နောက်ပိုင်း ခရစ်ယာန်သာသနာ

၁၅ ရာစုမှာ ထွက်လာသည့် ဘာသာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုသည် ရောမကက်သလစ် အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲသမားဖြစ်သော မာတင်လူသာ (Martin Luther)၊ ဇွင်ဂလီ (Zwingli) နှင့် ကယ်လဗင် (Calvin) တို့၏ ဓမ်္မသဘောအရ ကယ်တင်ခြင်းရရှိရန်အတွက် မိမိကိုယ်တိုင်၏ ယုံကြည်ခြင်းသာ အရေးပါသည်။ လူတိုင်းဘုရားသခင်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ဤဓမ္မ အတွေး အခေါ်အပေါ် အခြေခံပြီး ပရိုတက်စတင့် (Protestant) အသင်းတော်များစွာ ထွက်ပေါ်လာပြီး ဥရောပနိုင်ငံတော်တော်များများလည်း ရောမကက်သလစ်ကို ဆန့်ကျင်ပြီး ပရိုတက်စတင့်နိုင်ငံများ ဖြစ်လာခဲ့ကြပါသည်။ ကက်သလစ်နှင့် ပရိုတက်စတင့်နိုင်ငံများအကြား ဖြစ်ပေါ်သော ဘာသာရေးစစ်ပွဲများကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဥရောပမှာ နယ်မြေဆုံးရှုံးသွားသော ကက်သလစ်များသည် ဥရောပပြင်ပကို ထပ်ပြီး နယ်ချဲ့ထွင်ရန် ကြိုးစားလာခဲ့ကြသည်။ အဲဒီကာလမှာ ကက်သလစ်နိုင်ငံများဖြစ်သော စပိန်နှင့် ပေါ်တူဂီတို့ ဥရောပပြင်ပတွင် အင်ပါယာချဲ့ထွင်လာချိန်ဖြစ်သည်။ ပုပ်ရဟန်းမင်း (Alexander VI) က သူတို့ကို ရောက် တဲ့နေရာမှာ ကက်သလစ်ယုံကြည်ခြင်းကို တည်ဆောက်ရမည်ဟု တာဝန်ပေးခဲ့သည်။ တာဝန်ပေးသည့်အတိုင်း သူတို့ လုပ်ဆောင်ခဲ့ကြသည်။ စပိန်တို့သည် မိမိတို့၏ အင်ပါယာထဲမှာ ကက်သလစ်ဘာသာကို တည်ဆောက်နိုင်ခဲ့သော်လည်း ပေါ်တူဂီတို့သည် ထိုတာဝန်ကို အကောင်အထည်မဖေါ်နိုင်ခဲ့ပေ။

စပိန်တို့သည် အင်အားကောင်းပြီး သူတို့၏ အင်ပါယာထဲမှာ တခြားဘာသာကြီးများ မရှိသည့်အတွက် ကက်သလစ်ဘာသာကို တည်ဆောက်နိုင်ခဲ့သည်။ သို့သော် ပေါ်တူဂီတို့သည် အင်အားနဲပြီး ရောက်ရှိ တဲ့ဒေသတွေမှာ တခြားဘာသာကြီးများ ခံနေသည့်အတွက် ပေးအပ်သည့်တာဝန်ကို မကျေပွန်ခဲ့ပေ။ အချို့သော ကက်သလစ် သာသနာခေါင်းဆောင်များသည် မိမိနည်းမိမိဟန်ဖြင့် သာသနာပြုခဲ့သော် လည်း အောင်မြင် မှု နည်းပါးခဲ့သည်။
၁၈ ရာစု အဆုံးပိုင်းရောက်လာသည့်အခါ ပရိုတက်စတင့်တွေလည်း ဥရောပပြင်ပမှာ သာသနာာကို အစပြုခဲ့ကြပါသည်။ ထိုကာလတွင်လည်း ဗြိတိန်နှင့် အခြားသော ပရိုတက်စတင့်နိုင်ငံများ အင်ပါယာကြီးထွားလာ ချိန် ဖြစ်သည်။ ပထမဦးစွာ အာရှကို အာရုံပိုစိုက်ကြပါသည်။ ထိုအချိန်တွင် ဥရောပနှင့် အမေရိကန်နိုင်ငံတွေမှာ သာသနာပြုအဖွဲ့အစည်း အမြောက်အမြား ထွက်လာသည့်အတွက် သာသနာအတွက် လိုအပ်သော ထောက်ပံ့မှုကို ပေးနိုင်ခဲ့ပါသည်။ အစပိုင်းမှာ ပရိုတက်စတင့်ဂိုဏ်းဂဏများဟာ မိမိနည်းမိမိဟန်ဖြင့် သာသနာပြုရန် ကြိုးစားခဲ့သော်လည်း မထင်မှတ်သည့် ပြဿနာအခက်အခဲများကို ကြုံတွေ့ရသည့် အတွက် နောက်ပိုင်းမှာ အတူတကွ လက်တွဲလာခဲ့ကြပါသည်။ သူတို့၏ အခြေခံဓမ္မသဘောအရ ယုံကြည်ခြင်းသာလျှင် အဓိကဖြစ်သော်လည်း သူတို့၏ ရည်မှန်းချက်က အာရှတခုလုံး ခရစ်ယာန်ဖြစ် လာရေး ပင် ဖြစ်သည်။ လူဖြူတွေရဲ့ ဘာသာနှင့် ယဉ်ကျေးမှုကို ပေးဝေရေးပင် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သာသနာလှုပ်ရှားမှုသည်လည်း ခရစ်ယာန်အင်ပါယာချဲ့ထွင်ခြင်းနှင့် အသွင်တူခဲ့ပါသည်။
ကက်သလစ်တွေလိုပဲ ပရိုတက်စတင့်တွေလည်း အာရှမှာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ဤကာလမှာ သာသနာပြုများ ရေခံမြေခံနှင့် ကိုက်ညီသော သာသနာပြုပုံစံများကို အသုံးပြုခဲ့သော်လည်း အရာ မရောက် ခဲ့ပေ။ သူတို့၏ သာသနာသည် လူနည်းစု တိုင်းရင်းသားများအကြားမှာသာ အောင်မြင်ခဲ့သည်။ ပရိုတက်စတင့်သာသနာသည် အာရှမှာထက် အာဖရိကတောင်ပိုင်းတွေမှာ ပိုအောင်မြင်ခဲ့သည်။ ၎င်းဒေသတွင် စာပေမရှိသေးသော တိုင်းရင်းသားများ ပိုများသဖြင့် သာသနာအောင်မြင်ရခြင်း ဖြစ်သည်။ သို့သော် မူစလင်တွေ နေရာယူထားသော အာဖရိကမြောက်ပိုင်းမှာ ခရစ်ယာန်သာသနာ မထိုးဖောက်နိုင်ခဲ့ပေ။

၂၀ ရာစု ခရစ်ယာန်သာသနာ
၂၀ ရာစုထဲတွင် ခရစ်ယာန်သာသနာထဲမှာ အပြောင်းအလဲ များစွာကို တွေ့ရသည်။ ဤရာစုထဲတွင် ကိုလိုနီအင်အားကျဆင်းပြီး ကိုလိုနီတိုင်းပြည်တွေ လွတ်လပ်ရေး ရလာကြပါသည်။ ပထမနှင့် ဒုတိယ ကမ္ဘာစစ် ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ အဲဒီနောက်ပိုင်း ခရစ်ယာန်သာသနာထဲမှာ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးလှုပ်ရှားမှုများ အရေးပါလာခဲ့သည်။ ဤကာလ၏ ထူးခြားချက်မှာ အနောက်နိုင်ငံသား တော်တော်များများက ဘာသာရေးကို စိတ်ဝင်စားမှု နည်းလာခဲ့ပါသည်။ ဘာသာရေးနှင့် နိုင်ငံရေးလည်း သီးခြားဖြစ်လာခဲ့ပါသည်။
ဤကာလမှာ ဥရောပပြင်ပရှိ ခရစ်ယာန်များ၏ လှုပ်ရှားမှုများလည်း ထူးခြားချက် ရှိပါသည်။ အာဖရိကမှာ ရေခံမြေခံ အသင်းတော်များ ထွက်လာပြီး အာဖရိကတခွင်မှာ အောင်မြင်မှုရနေပါသည်။ ၎င်းင်းအသင်းတော်များသည် အနောက်နိုင်ငံ ယဉ်ကျေးမှုထက် အာဖရိကရေခံမြေခံ ယဉ်ကျေးမှုအပေါ် အခြေခံထားပါသည်။ လက်တင်အမေရိကမှာလည်း ပြောင်းလဲမှုများ ရှိလာခဲ့ပါသည်။ ကက်သလစ်ခရစ်ယာန်များ အားလျော့လာပြီး အသစ်သော ဘာသာရေး လှုပ်ရှားမှုများ (Pentecostal) အင်အားကောင်းလာပါသည်။ အာရှဒေသမှာလည်း ရေခံမြေခံ သာသနာပြု ပုံစံများကို အစပြုလာသည့်အပြင် အာရှဓမ္မ အတွေးအခေါ်မျာကို ထုတ်ဖော်လာကြသည်။ အာရှခရစ်ယာန်သာသနာမှာ အထူးခြားဆုံး အရာသည် (Inter-Faith Dialogue) ကို အရေးပေးလာခြင်းပင် ဖြစ်သည်။
၂၀ ရာစု အတွင်းမှာ လူဖြူလူမည်း၊ လူဝါများ သီးခြားစီ မဖြစ်တော့ပါ။ တကမ္ဘာလုံးမှာ အတူတကွ ရောယှက်နေထိုင်လာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် အတူတကွ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တလုံးတဝတည်း ဖြစ်ရေးနှင့် ဆိုင်သော ဓမ္မသဘောတရား၊ အတွေးအခေါ်များ အရေးပါလာပါသည်။ တဦးနှင့် တဦး၏ ယဉ်ကျေးမှု၊ ဘာသာတရားကို လေးစားကြပြီး ကမ္ဘာမှာ ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေမှု၊ သဘာဝဘေး ဒုက္ခနှင့် ကူးစက်ရောဂါများကို အတူတကွ ဘယ်လိုလက်တွဲဖြေရှင်းရမည်ကို စဉ်းစားလာ ကြသည်။

နိဂုံးချုပ်
ခရစ်ယာန်သာသနာသမိုင်းကိုချုံပြီးကြည့်ရသော ်ဓမ္မအတွေးအခေါ်သည် သာသနာပြုပုံစံတစ်ခု ပေါ်ထွက်လာရန်အတွက် အခြေခံကျသော အရာတစ်ခုဖြစ်ပါသည်။ ရေခံမြေခံကိုလိုက်၍ ပြောင်းလဲ လျက်ရှိသော ဓမ္မအတွေးအခေါ်မူတည်ပြီး သာသနာပြုခြင်း အယူအဆနှင့် ပုံစံလည်း ပြောင်းလဲလာခဲ့သည်။

ဤပြောင်းလဲမှုများသည် အလွယ်တကူဖြစ် ပေါ်လာခြင်းမဟုတ်ဘဲအတိုက် အခံများစွာကို ရင်ဆိုင်ပြီးမှဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အသစ်ထွက်ပေါ်လာသော သာသနာပြုပုံစံများသည် သက်ဆိုင်ရာ ရေခံမြေခံ သာသနာအတွက် ကောင်းသော အကျိုးသက်ရောက်မှုကို ပေးသလိုဆိုးသော

အကျိုးသက်ရောက်မှုကိုလည်း ဖြစ်စေတတ်ကြောင်း တွေ့ရသည်။ အကြောင်းမူက ဤဓမ်္မအတွေးအခေါ်နှင့်သာ သနာပြုပုံစံများ ထွက်ပေါ်စေသောသူများသည် လူသားများဖြစ်သောကြေင့် အမှားနှင့်မကင်းနိုင်ပါ။
ခေတ်အဆက်ဆက် သာသနာအပေါ်အမြင်နှင့် သာသနာပြုပုံများသည် သီးခြားစွာ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အတိတ်မှအမြင်နှင့်လုပ်ထုံးလုပ်နည်းတွေအပေါ်မှာအခြေခံ ပြီးထွက်လာခြင်း သာဖြစ်သည်။ မျက်မှောက် သာသနာမှာ ကျင့်သုံးနေသော အရာများသည် အတိတ်ကအမြင်နှင့် သာသနာပြုပုံများနှင့် အနည်းနှင့်အများ ဆက်နွှယ်လျက်ရှိပါသည်။ ဤဆက်နွှယ်မှုများသည် လက်ရှိရေ ခံမြေခံသာသနာအတွက် အကျိုးရှိရန်သာ လိုအပ်သည်။ လက်ရှိ ရေခံမြေခံသာသနာအတွက် အကျိုးထက် အဆိုးကိုဖြစ်စေပါက ပြုပြင်ပြောင်းလဲမှု များလုပ် ဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။ ပြု ပြင်ပြောင်းလဲမှုများ လုပ်ဆောင်သည့် အခါမှာ လည်း လူ့ဆန္ဒထက် ဘုရားအလိုတော်ကို ရှေးရှုဖို့ရန်လိုအပ်ပါသည်။

ဒေါက်တာစောလှိုင်ဘွား (MIT)

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.